
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၄ နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ရေး သဘောတူညီချက်တခုရဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အဓိကတွေ့ဆုံမှုတခု မတိုင်မီ ဒီဇင်ဘာ ၂၇ ရက်မှာ ရုရှားက ယူကရိန်းမြို့တော်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီး ကိယက်ဗ်မြို့ခံတွေ ဒေါသထွက်ခဲ့ကြပြီး ဒါဟာ ရုရှားအစိုးရက ငြိမ်းချမ်းရေးအတွက် ကြိုးစားဖို့ ရည်ရွယ်ချက်မရှိတာ ပြနေတယ်လို့ ပြောခဲ့ကြပါတယ်။
အဆောက်အအုံထဲကို ဒရုန်းတစင်း ပျံသန်းဝင်ရောက်ပြီးတဲ့နောက် ပျက်စီးနေတဲ့ လူနေတိုက်ခန်းက အပျက်အစီးတွေကို ရှင်းလင်းဖို့ အရေးပေါ်အဖွဲ့တွေက အစောပိုင်းမှာ ဆောင်ရွက်ခဲ့တယ်လို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။
ကလေး ၂ ယောက် အပါအဝင် လူ ၂၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ကိယက်ဗ်ခရိုင် ၁၀ ခုထဲက ၇ ခုမှာ ပုဂ္ဂလိက အိမ်တွေ၊ တိုက်ခန်းအဆောက်အအုံတွေနဲ့ ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေ မတိုင်မီ ဇလန်းစကီးက တိုက်ပွဲတွေ ရပ်တန့်ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ ဖလော်ရီဒါပြည်နယ်က ထရမ့်ပ်နဲ့ သူ့ရဲ့ ဆွေးနွေးပွဲတွေဟာ နှစ်ဖက်စလုံးက ထိန်းချုပ်မဲ့ နယ်မြေတွေကို အာရုံစိုက် ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၂ ကစပြီး ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အသေအပျောက်အများဆုံး ပဋိပက္ခလည်း ဖြစ်ပါတယ်။
ရုရှားက ကိယက်ဗ်နဲ့ ယူကရိန်းရဲ့ တခြားဒေသတွေကို စနေနေ့က ညလုံးပေါက် အကြီးအကျယ် တိုက်ခိုက်ရာမှာ ဒုံးကျည် ၄၀ လောက်နဲ့ ဒရုန်းစင်းရေ ၅၀၀ လောက် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
အမေရိကန်နဲ့ ယူကရိန်း ခေါင်းဆောင်တွေကြား အဓိကအစည်းအဝေးမတိုင်မီ ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်ဗ်မြို့ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတယောက် သေဆုံးခဲ့ပြီး မြို့ သုံးပုံတပုံက လျှပ်စစ်နဲ့ အပူပေးစနစ်မရှိဘဲ ဖြစ်ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
လေကြောင်းသတိပေးချက် ၁၀ နာရီနီးပါး ထုတ်ပြန်ခဲ့အပြီး စနေနေ့မနက် အစောပိုင်းကစလို့ ရုရှားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေက ကိယက်ဗ်မြို့ကို လှုပ်ခါခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


