Home
မြန်မာသတင်း
ဘားအံမှ ကျိုက်ထိုအထိ စစ်ကောင်စီတပ်က လုံခြုံရေးပိုမို တင်းကျပ်
DVB
·
December 27, 2025

စစ်ကောင်စီတပ်က ကရင်ပြည်နယ်အစိုးရရုံးတွေ အခြေစိုက်ရာ ဘားအံမြို့အပါအဝင် သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုအထိ လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ယာဥ်နဲ့လူတွေကို စစ်ဆေးနေတယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

ဘားအံမြိုပေါ်ရှိ ပြည်နယ်အစိုးရရုံး အဝင်လမ်းနဲ့အထွက်လမ်းတွေကို စစ်ကောင်စီတပ်က ပိတ် ထားတာကြောင့် ကားအသွားအလာခက်ခဲတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

"ရွေးကောက်ပွဲနီးလို့လား ဘာကြောင့်လဲမသိဘူး။ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စသုံးလုံးရုံး၊ ထွေအုပ်ရုံး အပါအဝင် ရုံးဘေးလမ်းတွေကိုအကုန်ပိတ်ထားတယ်။ ကားရော ဆိုင်ကယ်ရော သွားလို့မရဘူး။ ခွင့်မပြုဘဲသွားရင် စစ်တပ်ကပစ်မှာ။"

ဘားအံမြို့အဝင် သံလွင်တံတားမှာလည်း ခရီးသည်တင်ယာဥ်နဲ့ အိမ်စီးကားတွေကို စစ်ကောင်စီတပ်၊ ရဲနဲ့ လဝကက ပြည်သူတွေကို စစ်ဆေးနေပြီး အရင်ကထက်ပိုဆိုးတယ်လို့ ခရီးသွားတယောက်က ပြောပါတယ်။

"သံလွင်တံတားက စစ်ဆေးတာ ပိုကြမ်းတယ်။ လူကိုယ်တိုင်ဆင်းပြီး မှတ်ပုံတင်ရော၊ ဖုန်းရော ယူသွားရတာ၊ ဖုန်းမှာ ဘာတွေတင်ထားလဲဆိုတာ နာရီဝက်လောက်စစ်တာ။ ဖေ့စ်ဘွတ်ခ် မသုံးဘူးဆို အရင်သုံးခဲ့တဲ့ အကောင့်ပြန်ဖွင့်ပြရတယ်။ မဖွင့်ပြရင် အဲ့ကားပြန်မထွက်ရဘူး။ ဖုန်းမပါရင် သွားမဲ့အိမ်က ဖုန်းနံပါတ်တောင်းပြီးဆက်တယ်။ သူတို့စစ်ဆေးလို့ စိတ်တိုင်းကျမှ ကားပြန်ထွက်ခွင့်ပေးတာ။”

မွန်ပြည်နယ်နဲ့ ပဲခူးအစပ် စစ်တောင်းတံတားမှာလည်း ခရီးသည်တင်ယာဥ်နဲ့ အိမ်စီးကားတွေကို ကားပေါ်ကနေ အကုန်ဆင်းခိုင်းကာ ကားနဲ့လူကို စစ်ဆေးတယ်လို့ ခရီးသွားတယောက်က  ပြောပါတယ်။

"စစ်တောင်းတံတားကျတော့ လူရော ဖုန်းရော မှတ်ပုံတင်ရော ကားရော ရဲတွေ စစ်တာ။  ၁၃ / နဲ့ ၁၁/မှတ်ပုံတင်ပါလာရင် အဲ့ကားမထွက်ရဘူး။ စစ်တပ်ကထပ်စစ်တယ် ကားပေါ်မှာ လူငယ်တွေချည်းပဲ ပါလာရင် အဖွဲ့စုံစစ်တယ်။ ကားပေါ်က ပစ္စည်းတွေအကုန်ချခိုင်းပြီး စစ်တာ ခရီးသွားရတာ မလွယ်ဘူး။”

အလားတူ စစ်တောင်းတံတားကျော်သွားပါက ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ လဝက အဖွဲ့ပေါင်းစုံပါတဲ့ စစ်ဆေးရေးဂိတ်များစွာရှိပြီး ပိတ်ဆို့ စစ်ဆေးနေတာကြောင့် ခရီးသွားလာသူတွေ အခက်အခဲနဲ့ အချိန်ကြာမြင့်မှုတွေနဲ့ ကြုံတွေ့ နေရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013