
မြဝတီ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ရှမ်းပြည်နယ်က ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေကို ခရီးသွားလာခွင့် ကန့်သတ်ထားတာကြောင့် ဘားအံမြို့က ဟိုတယ်၊ မိုတယ်တွေအပြင် တည်းခိုခန်းတွေမှာ အပြည့်ရောက်ရှိနေတယ်လို့ မြို့မိမြို့ဖတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
မြဝတီမြို့တောင်ဘက်က KK Park၊ ရွှေကုက္ကို၊ မင်းလက်ပံ အွန်လိုင်းကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ တရုတ်တွေနဲ့ အလုပ်သမားတွေဟာ ဘားအံမြို့မှာ ထောင်နဲ့ချီ ရောက်ရှိနေပါတယ်။
လက်ရှိမှာလည်း တရုတ်တွေနဲ့ ရှမ်းပြည်နယ်က ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားပါတယ်။
ဒါကြောင့် ဘားအံမြို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်၊ မိုတယ်တွေအပြင် တည်းခိုခန်းတွေမှာ တည်းခိုနေပါတယ်။
ဒ့ါအပြင် တရုတ်နိုင်ငံသား အများအပြားဟာ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားပြီး ကျားဖြန့်လုပ်ငန်းသစ်တွေဆီ ပြောင်းရွှေ့နေတာတွေလည်း ရှိတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
မြို့မိမြို့ဖတယောက်က “အခုက ကျားဖြန့်ကိစ္စနဲ့ ရှုပ်ယှက်ခပ်ကုန်တယ်။ အကုန်လုံး နိုင်ငံသားကတ်တွေချည်းပဲ။ ဗမာလိုသာ တလုံးမှမတတ်တာ။ အမှန်အကန်ပဲ နိုင်ငံသားကတ်တွေ။ ၁၃/ တွေက ဘားအံမှာရှိတဲ့ တည်းခိုခန်း အကုန်ပဲ။ ဘုရားဖူးတွေက ဘုန်းကြီးကျောင်းတည်းပေါ့။ တည်းခိုခန်းတည်းချင်တဲ့ ဘုရားဖူးတွေလည်း အဆင်မပြေတော့ဘူး။ အဲဒီကနေပြီးတော့ တချို့တဝက်က ပြန်တယ်။ တချို့တဝက်က ဘုရားသုံးဆူဘက်ကို ကဲ့တယ်။ တချို့တဝက်က ရွှေကုက္ကိုဘက်ကို ပြန်ဦးတည်နေတယ်။ ဘားအံမှာ တရုတ်နိုင်ငံသားတွေ တော်တော်လေးများတယ်” လို့ ပြောပါတယ်။
အွန်လိုင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ တရုတ်တွေနဲ့ ရှမ်းပြည်နယ်က ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ယာဉ်တွေနဲ့ ကြိုပို့လုပ်ဆောင်ပေးနေတာပါ။
ဘားအံမြို့မှာ ဟိုတယ်၊ မိုတယ်တွေအပြင် တည်းခိုခန်းပေါင်း ၆၀ နီးပါးရှိပြီး အခန်းလွတ်မရှိဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
တက်ကြွလှုပ်ရှားသူတယောက်က “ဘားအံမြို့ပေါ်မှာ အခုက ၁၃/တွေ တရုတ်တွေ ဟိုတယ်တွေမှာ အပြည့်။ သူတို့ နောက်တနေရာဆီကို ရွှေ့တယ်။ သူတို့ကို သယ်ဆောင်သွားတာတွေ ရှိတယ်။ လောလောဆယ် ဘားအံမြို့မှာ ကျန်နေတာတွေလည်း အများကြီးရှိတယ်။ အခုလက်ရှိလည်း အဲလိုမျိုးရှိနေတယ်။ မြို့ခံတွေအနေနဲ့ကတော့ နည်းနည်းလေး သွားရလာရတာ နည်းနည်းပါးပါးတော့ ရှုပ်တယ်။ ပြီးတော့ ဧည့်ခံပွဲတွေ၊ အစည်းအဝေးပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ဖို့အတွက် ဟိုတယ်တွေတောင်မှ ငှားလို့မရတဲ့ အခြေအနေမှာ ရှိတယ်။ အခန်းလွတ်တွေကို မအားတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဘားအံမြို့အဝင် မြို့ထွက် စစ်ဆေးရေးဂိတ်၊ ကြာအင်းမီးပွိုင့် လမ်းဆုံနဲ့ သံလွင်တံတားမှာ စစ်တပ်က ဦးဆောင်ပြီး တရုတ်တွေနဲ့ ကန့်သတ်ထားတဲ့ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ဒဏ်ကြေးရိုက် လွှတ်ပေးတာတွေ ရှိနေပါတယ်။
မြို့ခံတယောက်က “သက်ဆိုင်ရာက အများကြီး စိစစ်ဖို့လိုတာပေါ့။ လက်ရှိ မြေပြင်အနေအထားက လဝကရယ်၊ စစ်တပ်ရယ်။ သက်ဆိုင်ရာ ဌာနတွေအလိုက်က တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်တွေကို တရားဝင်တဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးထားတာရှိသလို ပတ်စ်ပို့ရိုက်ပေးတာ၊ ဒါမှမဟုတ် အခကြေးငွေယူပြီးတော့ အိမ်ခြံမြေတွေ ငှားရမ်းပြီးတော့ နေထိုင်စေတာတွေကို လုပ်ဆောင်နေတယ်။ အခု ဘားအံမြို့မှာလည်း ရှိနေတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမြို့ဟာ အာဆီယံ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံးမြို့ ဆုကို ၂၀၂၅ ခုနှစ်အတွက် ၆ ကြိမ်မြောက် ရရှိထားပါတယ်။
ဒါကြောင့် သဘာဝတောတောင်၊ သမိုင်းဝင် ဘုရားစေတီတွေ၊ သဘာဝလိုဏ်ဂူနဲ့ ရေတံခွန်တွေကို လာရောက်လည်ပတ်သူ အများအပြား ရှိနေပါတယ်။
အခုလို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အများဆုံးဝင်ရောက်ချိန် ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေ မရရှိတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ခရီးသွားဧည့်သည်တွေဆီက သိရပါတယ်။
အောင်ခန့်


