
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေနဲ့ ထိုင်းကုန်စည်တင်ယာဉ်တွေကို ဆက်တိုက် ဖမ်းဆီးနေတာကြောင့် ယာဉ်စီးခတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းနေတာတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့် ဇွန် ၁ ရက်ကစတင်ပြီး ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ လိုင်စင်မဲ့ကားတွေအပြင် ထိုင်းကုန်စည်တင်ယာဉ်တွေကို ဒီဇင်ဘာ ၂၃ ရက်အထိ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် မြဝတီ-ဘားအံ ကားခ ကျပ် ၈၀,၀၀၀ ရှိခဲ့ရာက အခု ကျပ် ၁၂၀,၀၀၀ အထိ ယာဉ်စီးခ မြင့်တက်ခဲ့ပါတယ်။
မြို့ခံတယောက်က “ကားတွေဖမ်းတဲ့အတွက် ပြည်သူတွေက သွားရေးလာရေးကအစ ခက်ခဲတယ်။ နောက် ကုန်စည်တွေ တပိုင်တနိုင်တောင် ဂိတ်တွေက များတော့ ငွေကြေးတွေက ပိုအကုန်အကျများတော့ ဈေးတက်တယ်။ ဈေးတက်တော့ အခြေခံလူတန်းစားတွေ၊ ပြည်သူတွေအတွက်တော့ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့။ ခရီးသွားလည်း ကားခဈေးတွေက ဈေးကြီးတယ်။ ဒီနေ့လည်း ကုန်ကားတွေ အကုန်လုံး လိုက်ဖမ်းနေတယ်။ ထိုင်းဘက်က အဝင်မရှိတော့ ပစ္စည်းတွေက ဈေးတက်တယ်” လို့ ပြောပါတယ်။
လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးတာကြောင့် ဘားအံမြို့တွင်း သွားလာရာမှာ အရင်က ကျပ် ၅,၀၀၀ ကနေ အခုကျပ် ၇,၀၀၀ ပေးရပြီး အိုးဝေယာဉ်က ကျပ် ၇,၀၀၀ ကနေ အခု ကျပ် ၁၀,၀၀၀ အနည်းဆုံးပေးနေရပါတယ်။ ဒီဇင်ဘာ ၂၂ ရက်ကလည်း ထို့ကော်ကိုးလမ်းပိုင်းက ထိုင်းကုန်စည်တင်ယာဉ် အစီး ၃၀ လောက်ကို စစ်ကောင်စီအဖွဲ့စုံက ဖမ်းဆီးခဲ့ပါတယ်။
မြို့မိမြို့ဖတယောက်က “မနေ့က ကားတွေ ထွက်ဖမ်းတယ်။ အစီး ၃၀ လောက် ပါသွားတယ်။ အခု ဘားအံကနေ မြိုင်ကလေးတောင် ထိုင်းကုန်စည်တွေ (သယ်) မရဘူး။ မွန်-ကရင် တကြောလုံးက ထိုင်းကုန်စည်ကို မှီခိုနေရတာ။ သူတို့ အဲဒီလိုလုပ်နေတော့ ဈေးက တဖြည်းဖြည်းတက်တာပေါ့။ တော်တော်ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်က နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ KK Park ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ရှမ်းပြည်နယ်က ၁၃/မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ခရီးသွားလာခွင့်တွေ ကန့်သတ်ခဲ့တဲ့အပြင် မြဝတီ-ဘားအံ လမ်းပိုင်းတလျှောက် အဖွဲ့စုံစစ်ဆေးရေးဂိတ်တွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ဂိတ် ၂၀ ကျော်ကို ငွေကြေးပေးဆောင်ပြီး ဖြတ်သန်းသွားလာနေရပါတယ်။
ယာဉ်မောင်းတယောက်က “ခရီးသည်က ရတော့ရတယ်။ ဒါပေမဲ့ အဝေးခရီးသည်တော့ မပါတော့ဘူး။ ခရီးသည်က အသွားကော အပြန်ကော ရှားပါးသွားတယ်။ အမှန်တော့ ဘာမှ မဖြစ်ပါဘူး။ ကျားဖြန့်ကြောင့် အဲဒီလိုဖြစ်သွားတာ။ မြို့အဝင်မှာ မှတ်ပုံတင်စစ်ဆေးပြီးတော့ သတ်မှတ်တဲ့ မှတ်ပုံတင်တွေ ဖမ်းလိုက်တယ်။ ကားသမားလည်း ကားသိမ်းလိုက်တယ်။ ကားသမားကို ဒီအတိုင်း ပေးပြန်လိုက်တယ်။ အခက်အခဲက များတယ်။ အဖွဲ့အစည်းက ပိုက်ဆံပေးလို့ ရသေးတယ်။ အစိုးရဘက်က ပိုက်ဆံပေးလို့ မရဘူး။ တခါတည်း အပြီးသိမ်းလိုက်တယ်။ ဘာမှမပါရင် ၁ ဂိတ် ၅,၀၀၀။ အဖွဲ့အစည်းတွေက ခရီးသည်မှတ်ပုံတင် တောင်းလို့ တွေ့ရင် သူတို့ ပြန်တောင်းတယ်။ မတွေ့ရင် ရိုးရိုးဂိတ်ကြေး ၅၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် မြန်မာတနိုင်ငံလုံးကို လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ ကုန်စည်တွေ ဝင်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ငွေကြေးပေးဆောင်ပြီး အဓိက တင်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အောင်ခန့်


