
၁၇ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် တာရစ် ရာမန်က ပြည်တွင်းကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
အသက် ၆၀ အရွယ် ရာမန်ဟာ သြဇာကြီးမားတဲ့ ဇီယာ မိသားစုရဲ့ ပဲ့ကိုင်ရှင်ဖြစ်သလို အမျိုးသမီးဝန်ကြီးချုပ်ဟောင်း ခါလစ်ဒါ ဇီယာရဲ့ သားလည်း ဖြစ်ပါတယ်။
လာမဲ့နှစ်မှာကျင်းပဖို့ လျာထားတဲ့ ရွေးကောက်ပွဲအတွင်း ရာမန်ဟာ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖို့ တစ်ပြေးနေသူ တယောက်ပါ။
ဒါ့အပြင် ရာမန် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အနေနဲ့ပါ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့အလျောက် တကျော့ပြန် အာဏာရနိုင်ခြေ ရှိပါတယ်။
၂၀၀၈ ခုနှစ်ကတည်းက လန်ဒန်ကိုရောက်နေတဲ့ ရာမန်ဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာ ဖြုတ်ချခံရပြီးနောက် အခုလိုမျိုး ပြန်ရောက်လာခဲ့တာပါ။
ဒါဟာ ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီမှာ အာဏာရှိနေစဉ်က ရာမန်ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အမျိုးမျိုး လုပ်ခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ဟာဆီနာအစိုးရ ပြုတ်ကျသွားချိန်မှာတော့ ရာမန်အပေါ် စွဲဆိုထားတဲ့အမှုတွေ ပျက်ပြယ်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့လတုန်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပေါ် နှိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး ဟာဆီနာကို မျက်ကွယ်သေဒဏ် ချမှတ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ အတည်ပြုချက်အရ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြအုံကြွမှုအတွင်း လူပေါင်း ၁,၄၀၀ အထိ သေဆုံးခဲ့ရကြောင်း သိရပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ဟာဆီနာ ကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆောင်ရွက်ခဲ့တာမျိုး မရှိပါဘူးဆိုပြီး ငြင်းဆိုထားပါတယ်။
၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျင်းပသွားမဲ့ အထွေထွေရွေးကောက်ပွဲဟာ ဘင်္ဂလားဒေ့ရှ် သမိုင်းတလျှောက် အရေးကြီးဆုံးသော အလှည့်အပြောင်းအဖြစ် ရှုမြင်ထားကြပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ်စ် ကတော့ သူတာဝန်ယူထားတဲ့ ကြားဖြတ်အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရွေးကောက်ပွဲကျင်းပပြီး နောက်တက်မဲ့အစိုးရကို အဆုံးအဖြတ်ပေးမယ်လို့ ဆိုပါတယ်။


