
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဟိုတယ်ခန်းအတွင်း ဘတ် ၂ သိန်းဖိုးလောက် ပျက်စီးအောင် ပြုလုပ်ခဲ့ပြီး ထွက်ပြေးနေတဲ့ ဂျာမနီနိုင်ငံသား ခရီးသွားစုံတွဲကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း Khaosod English သတင်းမှာ ဒီဇင်ဘာ ၂၅ ရက်က ဖော်ပြပါတယ်။
သူတို့ ၂ ယောက်ရဲ့ အမည်တွေကိုတော့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး လင်ဒါနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား နီကီတာလို့ ဖော်ပြထားပြီး သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ချင်းမိုင်မြို့လယ်က နီမန်ဟေမင်းလမ်းထဲက ကွန်ဒိုမီနီယံတခုရဲ့ အခန်းအမှတ် ၅၀၉ မှာ ၃ ညအိပ် တည်းခိုဖို့ စာရင်းသွင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် သူတို့ဟာ ဟိုတယ်ရဲ့ ဝန်ဆောင်မှုတွေကို စိတ်တိုင်းမကျဖြစ်ရာကနေ ဝန်ထမ်းတွေနဲ့ စကားများခဲ့ပြီးနောက် အခန်းတွင်းက ပစ္စည်းတွေကို ဖျက်ဆီးကာ ဟိုတယ်ကနေ ထွက်ခွာသွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဟိုတယ်ဘက်ကနေ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီး ချင်းမိုင်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ သူတို့ကို ဝပ်ကစ်ရပ်ကွက်ထဲက တခြားဟိုတယ်တခုမှာ ခြေရာခံမိကာ ဖမ်းဆီးနိုင်ခဲ့တာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။


