
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းအနီးရှိ ပစ်လွှတ်ရေးနေရာတခုမှာ မြေပြင်မှ-ဝေဟင်ပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်တာကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား (KRT) ဓာတ်ပုံတွေနဲ့ သတင်းထုတ်လွှင့်သွားပါတယ်။
KRT မှ ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဂျုံအန်းဟာ မှန်ဘီလူးကနေ ကြည့်ရှုနေပြီး အရာရှိတွေက လက်ခုပ်တီးနေချိန်မှာ ဒုံးကျည်ဟာ မီးတောက်တွေနဲ့အတူ လေထဲမှာ ပေါက်ကွဲသွားတာကို ပြသထားပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ပျံ ဒုံးကျည်အမျိုးအစား အသစ်တခုကို တီထွင်ဖို့အတွက် အသုံးချမဲ့ မဟာဗျူဟာမြောက်နည်းပညာကို အကဲဖြတ်ဖို့ ရည်ရွယ်ထားတဲ့ ဒီစမ်းသပ်မှုဟာ လေထဲမှာရှိတဲ့ ပစ်မှတ်တွေကို ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) အကွာကနေ ဖျက်ဆီးခဲ့ကြောင်း KRT က အစီရင်ခံခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ တန်ချိန် ၈,၇၀၀ ရှိ နျူကလီယာစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းရဲ့ သီးခြားနေရာတခုမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
နိုင်ငံရဲ့ နောက်တက်မဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ရှေ့တန်းမှဦးဆောင်သူအဖြစ် ခန့်မှန်းရှုမြင်ကြတဲ့ သူ့ရဲ့ ဆယ်ကျော်သက်သမီးနဲ့အတူ သွားရောက်တဲ့ သူ့ခရီးစဉ်ရဲ့ နေရာနဲ့ ရက်စွဲကိုတော့ မဖော်ပြခဲ့ပါဘူး။
ရေငုပ်သင်္ဘောစီမံကိန်းဟာ နိုင်ငံရဲ့ ရေတပ်ကို ခေတ်မီအောင်ပြုလုပ်မဲ့ မြောက်ကိုရီးယားအာဏာရပါတီရဲ့ ကြိုးပမ်းမှုမှာ တစိတ်တပိုင်း ဖြစ်ပြီး သူ့ရဲ့ ကာကွယ်ရေးစွမ်းရည်တွေ တိုးတက်စေဖို့ ပါတီက တွန်းအားပေးနေတဲ့ အဓိကမူဝါဒ ၅ ခုထဲမှ တခု ဖြစ်ကြောင်း KRT က ပြောပါတယ်။
ဝါရှင်တန်နဲ့ သဘောတူထားတဲ့ နျူကလီးယားရေငုပ်သင်္ဘော တစင်း တည်ဆောက်မဲ့ တောင်ကိုရီးယားရဲ့ အစီအစဉ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပြီး အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေတာကြောင့် သူ့အနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ကင်မ်ဂျုံအန်းက ပြောပါတယ်။


