
အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲရ်ပြည်နယ်၊ နယူးကာဆယ်လ်ကောင်တီ၊ ဝီလ်မင်တန်မြို့ ပစ်ခတ်မှုအတွင်း ရဲအရာရှိတယောက်နဲ့ သံသယရှိသူ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၂ နာရီကျော်လောက်က ဝီလ်မင်တန်မြို့ မင်ကွာဒေးလ် သီးသန့်နယ်မြေရှိ မော်တော်ယာဉ်ဌာန (DMV) အဆောက်အအုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒယ်လာဝဲရ်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ အသက် ၄၄ နှစ်အရွယ် သံသယရှိသူဟာ ဖောက်သည်တယောက် အနေနဲ့ မော်တော်ယာဉ်ဌာန (DMV) ထဲကို ဝင်ရောက်ပြီး ဧည့်ကြိုစားပွဲမှာ အချိန်ပို တာဝန်ကျနေတဲ့ ပြည်နယ်ရဲအရာရှိတယောက်ဆီကို ချဉ်းကပ်လာကာ ပစ်ခတ်ခဲ့တယ်လို့ ဒယ်လာဝဲရ် ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အများပြည်သူ သတင်းအချက်အလက်မန်နေဂျာ ရောက်ရှန် ရစ်ချ် က ဒီဇင်ဘာ ၂၃ ရက် ညနေမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ DMV ဝန်ထမ်းတယောက်ကို အန္တရာယ်ကဝေးအောင် တွန်းထုတ်ခဲ့ပြီးနောက်မှာ သံသယရှိသူဟာ ရဲတပ်ဖွဲ့ဝင်ကို ထပ်မံပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရဲအေဂျင်စီ အများအပြားဟာ DMV ကို ရောက်ရှိလာကာ တုံ့ပြန်ခဲ့ပြီး နယူးကာဆယ်ကောင်တီ ရဲအရာရှိတယောက်က သံသယရှိသူကို ရင်ဆိုင်ကာ ပစ်ခတ်ခဲ့ပါတယ်။
သံသယရှိသူကို ဒေသဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သတင်းအချက်အလက်မန်နေဂျာ ရောက်ရှန် ရစ်ချ်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒယ်လာဝဲပြည်နယ် ရဲတပ်ဖွဲ့ဝင်တယောက် သေဆုံးကြောင်း အတည်ပြုထားပြီး နောက်ထပ် ဒဏ်ရာရမှု အခြေအနေကို ဆက်လက်စစ်ဆေးနေပါတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က X မှာ ပြောကြားခဲ့ပါတယ်။
အသက် ၄၀ အရွယ် အမျိုးသမီးတယောက်ကို သေနတ်ဒဏ်ရာ မဟုတ်တဲ့ အသေးစား ဒဏ်ရာတွေအတွက် ဒေသဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက်ကိုတော့ အသက်ရှူကြပ်တဲ့အတွက် စစ်ဆေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ဖို့ ငြင်းဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ ရဲတွေက သံသယရှိသူ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူတွေကိုလည်း အဲဒီနေရာမှ ရှောင်ရှားကြဖို့ ဆက်လက်အကြံပေးခဲ့ပါတယ်။ အရာရှိတွေဟာ ပစ်ခတ်မှုနဲ့ ဆက်စပ်တဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။


