Home
နိုင်ငံတကာ
ရုရှားထိုးစစ်ကြောင့် ယူကရိန်းတပ်ဖွဲ့ ဆီဗတ်စ်ခ်မြို့မှ ဆုတ်ခွာ
DVB
·
December 24, 2025
Photo: REUTERS / RUSSIAN DEFENCE MINISTRY / SOCIAL MEDIA WEBSITE

ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟာ အရှေ့ပိုင်း ဆီဗတ်စ်ခ်မြို့ကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ယူကရိန်းစစ်တပ်က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီလိုဆုတ်ခွာပေးလိုက်ရတာကြောင့် ရုရှားတပ်တွေဟာ ဒွန်ဘတ်စ်ဒေသ ခံစစ်အတွက် အရေးပါပြီး မိုင် ၂၀ လောက်သာဝေးတဲ့ စလိုဗီယန့်စ်မြို့နဲ့ ပိုမိုနီးကပ်လာခဲ့ပါတယ်။

“ကျူးကျော်သူတွေဟာ လူအင်အား အသာစီးရသလို ရာသီဥတုဆိုးရွားချိန်မှာ အဆက်မပြတ် ဖိအားပေး တိုက်ခိုက်တာကြောင့် အခုလို ရှေ့တိုးလာနိုင်တာ” လို့ ယူကရိန်းစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်နဲ့ အရင်းအမြစ်တွေကို ထိန်းသိမ်းဖို့အတွက် တပ်ဆုတ်ခဲ့တာဖြစ်ပြီး ရန်သူ့ဘက်ကိုလည်း အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မဖြစ်ခင်က လူဦးရေ ၁၀,၀၀၀ ဝန်းကျင်ရှိတဲ့ ဆီဗတ်စ်ခ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားဘက်က အစောပိုင်းမှာ ကြေညာခဲ့ဖူးပေမဲ့ ယူကရိန်းက ငြင်းဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ယူကရိန်းတပ်မတော်က မြို့ထဲမှာရှိတဲ့ ရုရှားတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုခရော့ဗ်မြို့ ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့ရဲ့ မြောက်ဘက်ပိုင်းကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ စစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။

အနီးအနားက မာနိုဂရက်ဒ်မြို့မှာတော့ ယူကရိန်းတပ်ဖွဲ့တွေဟာ ခံစစ်စည်းတွေကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ကြောင်း စစ်ဆင်ရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013