
လစ်ဗျားစစ်ဦးစီးချုပ်ဟာ တူရကီမှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တယ်လို့ လစ်ဗျားဝန်ကြီးချုပ်က အတည်ပြုပါတယ်။
စစ်ဦးစီးချုပ် မိုဟာမက်အလီ အာမက် အယ်လ်ဟာဒက်နဲ့ တခြား ၄ ယောက်ဟာ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းမှာ တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာကနေ Falcon 50 လေယာဉ်နဲ့ ထွက်ခွာလာချိန် လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ထရီပိုလီမြို့ကို ဦးတည်ထွက်ခွာလာတဲ့ လေယာဉ်နဲ့ အန်ကာရာလေဆိပ်က ထွက်ခွာလာပြီး ၄၂ မိနစ် အကြာ၊ ဒေသစံတော်ချိန် ည ၈ နာရီ ၅၂ မိနစ်မှာ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက X လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးပေါ်ဆင်းသက်ခွင့် တောင်းခံခဲ့ပြီးနောက်မှာ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။
လေယာဉ်အပျက်အစီးတွေကို အန်ကာရာမြို့ အနောက်တောင်ဘက်မှာ ပြန်တွေ့ခဲ့ရပြီး ဘာကြောင့် ပျက်ကျရသလဲဆိုတာ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံက နိုင်ငံတကာအသိအမှတ်ပြု အမျိုးသားညီညွတ်ရေးအစိုးရ (GNU) ကလည်း ဗိုလ်ချုပ်ကြီးဟာဒက် ကွယ်လွန်ကြောင်း အသိအမှတ်ပြုပါတယ်။
လစ်ဗျားမှာ စင်ပြိုင်အစိုးရနှစ်ရပ်ရှိနေပြီး ထရီပိုလီမြို့ရှိရာ အနောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (GNU)၊ အရှေ့ပိုင်းမှာ အမျိုးသားတည်ငြိမ်ရေးအစိုးရ (GNS) ဆိုပြီး စင်ပြိုင်ဖြစ်နေတာ ဖြစ်ပါတယ်။
GNU ဝန်ကြီးချုပ် ဟာမစ်ဒီဘီဘာ ကတော့ ဟာဒက် ကွယ်လွန်တာဟာ တိုင်းပြည်အတွက် ကြီးလေးတဲ့ဆုံးရှုံးမှု ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
ဗိုလ်ချုပ်ကြီးဟာဒက်ဟာ တူရကီမှာ နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သွားရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ မှာ အရှေ့ပိုင်းတပ်တွေက နိုင်ငံတကာအသိအမှတ်ပြု GNU အစိုးရကို ဖယ်ရှားဖို့ ကြိုးစားခဲ့ချိန်မှာ တူရကီက ကြားဝင် ကျားကန်ပေးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


