
ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်နေတာနဲ့အတူ ပြည်တွင်းရွှေဈေးဟာလည်း ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ငွေကျပ် ၉၃ သိန်းခွဲအထိ ခုန်တက်သွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ၉၁၄၀,၀၀၀ ရှိခဲ့ရာကနေ ဒီဇင်ဘာ ၂၃ ရက်မှာတော့ ၉၃၅၀,၀၀၀ အထိ တရက်အတွင်း ကျပ် ၂ သိန်းကျော် ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပြည်တွင်းဈေးတွေ ခုန်တက်လာရတဲ့ အဓိက အကြောင်းရင်းကတော့ ကမ္ဘာ့ရွှေဈေးကွက်မှာ တအောင်စကို ၄,၄၉၀ ဒေါ်လာကျော်အထိ ဈေးနှုန်း မကြုံစဖူး စံချိန်တင် မြင့်တက်လာနေလို့ပါပဲ။
နိုင်ငံတကာ ဈေးကွက်လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေအရ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံ အပေါ် ဖိအားပေးမှုတွေ တိုးမြှင့်လိုက်ပြီး ရေနံတင်သင်္ဘောတွေကို သိမ်းဆည်းလိုက်တဲ့ ဖြစ်စဉ်တွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာပြီး ဒီအခြေအနေမှာ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချရတဲ့ ရွှေဘက်ကို အလုံးအရင်းနဲ့ ဦးလှည့်လာကြတာလို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ တတိယသုံးလပတ် စီးပွားရေးတိုးတက်မှု (GDP) က ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ကောင်းမွန်နေပေမဲ့ ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချမဲ့ အလားအလာတွေ ရှိနေတာကြောင့် ရွှေဈေးက ဆက်ပြီး အားကောင်းနေတာလို့လည်း သုံးသပ်ကြပါတယ်။
ဒီနှစ် ၂၀၂၅ ခုနှစ် တနှစ်တည်းမှာတင် ကမ္ဘာ့ရွှေဈေးဟာ ၇၀ ရာခိုင်နှုန်းအထိ တက်လာခဲ့ပြီး ဒါဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ၄၆ နှစ်တာ ကာလအတွင်း အမြင့်ဆုံး နှစ်အလိုက် တိုးတက်မှုနှုန်း ဖြစ်ပါတယ်။
တဖက်မှာတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးဟာ ၅,၉၉၀,၀၀၀ ကျပ်မှာပဲ အပြောင်းအလဲမရှိဘဲ ဆက်ရှိနေပါတယ်။


