
ကမ္ဘာ့ရွှေဈေး သမိုင်းတလျှောက် စံချိန်တင် မြင့်တက်လာပြီးနောက် ပြည်တွင်း အခေါက်ရွှေဈေးကလည်း တကျပ်သားကို ကျပ် ၉၁ သိန်းကျော်အထိ ထိုးတက်လာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာတဝန်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်က အခွန်နှုန်းတွေ လျှော့ချမဲ့ အလားအလာတွေကြောင့် နိုင်ငံတကာရွှေဈေးဟာ ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၄၀၀ အထိ အမြင့်ဆုံး ဈေးကို ခုန်တက်လာပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂,၆၀၀ ဝန်းကျင်မှာပဲ ရှိခဲ့တာဖြစ်လို့ တနှစ်အတွင်း တအောင်စကို ဒေါ်လာ ၁,၈၀၀ ဝန်းကျင် ရာခိုင်နှုန်းအနေနဲ့ ၇၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တာပါ။
အဲဒီလို ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းလည်း လိုက်ပါ မြင့်တက်ခဲ့ရာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၉၁၄၀,၀၀၀ ဝန်းကျင်ထိ ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒီရွှေဈေးနှုန်းဟာ မြန်မာ့သမိုင်းတလျှောက်မှာ အမြင့်ဆုံးဈေးနှုန်းဖြစ်ပြီး တနှစ်အတွင်း ကျပ်သိန်း ၃၀ ကျော် ရာခိုင်နှုန်း အနေနဲ့ ၅၀ ရာခိုင်နှုန်း နီးပါးမြင့်တက်လာတာ ဖြစ်ပါတယ်။
အခုလို ဈေးကွက်အတွင်းမှာ ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်နေတဲ့အတွက်လည်း အရောင်းအဝယ်တွေ အေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီကတော့ ရွှေတကျပ်သားကို ဈေးနှုန်း ကျပ် ၅,၉၉၀,၀၀၀ သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၃၁ သိန်းကျော် အထိ ဈေးနှုန်းကွာဟနေပါတယ်။


