Home
မြန်မာသတင်း
GAP စနစ် အောင်မြင်အောင်မလုပ်ဘဲ ပိုးသတ်ဆေးများ အသုံးပြုခွင့်ပိတ်သည့်အပေါ်  ဝေဖန်
DVB
·
December 23, 2025

စိုက်ပျိုးရေးဌာနက GAP စနစ်ကို မိတ်ဆက်ထားပေမဲ့ အောင်မြင်အောင် မလုပ်ဆောင်ဘဲ ဓာတ်ကြွင်းတွေ့တဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုခွင့်ပိတ်ပင်တဲ့အပေါ် စိုက်ပျိုးရေး အသိုက်အဝန်းက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ စတဲ့ စိုက်ပျိုးရေးသုံးဆေးဝါး သုံးစွဲပုံတွေကို စနစ်တကျ မှတ်တမ်းတင်နိုင်မဲ့ စနစ်တွေ ပါဝင်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများလို့ခေါ်တဲ့ GAP စနစ်ကို ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပြန်ဆောင်ရွက်ခဲ့ပေမဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။

ဒါကြောင့် ပဲတီစိမ်း၊ ပေါင်းဆန်၊ ငှက်ပျော၊ ငရုတ် စတဲ့သီးနှံတွေမှာ ဓာတ်ကြွင်းတွေ ဆက်တိုက်တွေ့ရှိလာပြီးတဲ့နောက် တရားဝင်ဖြန့်ဖြူးသုံးစွဲခွင့်ပေးထားတဲ့ ပိုးသတ်ဆေး ၂ မျိုးကို သုံးစွဲခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးပညာရှင်တယောက်က “Traceability ခေါ်တာပေါ့။ သူက နောက်ကြောင်းပြန်လို့ ရအောင်လေ။ အဲဒီဟာမျိုးတွေ ခုချိန်မှာ သုံးရမှာလေ။ သဘောပြောရင်။ သိုင်ရာမီသောင်ဇင် ပြဿနာတက်တယ်၊ အဲဒါဆိုရင် ဘာဖြစ်တာလဲ။ အဲဒါမျိုးတွေ မကြားရဘူးလေ။ ငါတို့ သဘောတော့လေ၊ အဲဒီကောင်တွေကို လုပ်စေချင်တာပေါ့။ အခုဟာက လက်တွေ့။ ငါတို့က စောစောကတည်းက ပြောတယ်။ ဒီ Traceability ဆိုတာသည် တကယ့်ပြဿနာ၊ အဆင်သင့်ဖြစ်၊ မဖြစ်က အခုက ငါတို့သိသလောက်တော့ သူတို့က လုပ်နေကြတာတွေက တရားဝင်ဖြစ်အောင်သာ၊ ဥပမာ Traceability စနစ်ရှိရမယ်ဆိုရင် ရှိတယ်၊ လုပ်ထားတယ် ဆိုတာမျိုး ပြနိုင်အောင်ပဲ လုပ်ထားတာ။ တကယ့်တကယ် အခုလိုပြဿနာမျိုး တက်လာလို့ရှိရင် ရှင်းနိုင်လောက်အောင်ထိ မဖြစ်ဘူးပေါ့” လို့‌ ပြောပါတယ်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ ဓာတ်ကြွင်းအများစုကျန်တဲ့ Clothianidin၊ Thiamethoxam ပိုးသတ်ဆေး ၂ မျိုးကို ဖြန့်ဖြူး၊ ရောင်းချ၊ သုံးစွဲတာတွေ မလုပ်ဖို့ တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီ လယ်ဆည်ဌာနက ပိုးသတ်ဆေး ၂ မျိုးကို တားမြစ်ပိတ်ပင်တာထက် အဆိပ်ရှိ ပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေးတွေကို တောင်သူတွေ ကိုင်တွယ်သုံးစွဲရာမှာ မှန်ကန်တဲ့ ပိုးသတ်ဆေး ဖြစ်ဖို့၊ မှန်ကန်တဲ့ နှုန်းထား၊ မှန်ကန်တဲ့ အချိန်၊ နေရာ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ မှန်ကန်တဲ့အသိ၊ သတိရှိဖို့ GAP စနစ်အရ သုံးစွဲလိုက်တဲ့ စိုက်ပျိုးရေးသုံးဆေးဝါးတွေကို စနစ်တကျ မှတ်တမ်းရေးသွင်းနိုင်အောင် အသိပညာပေးရမှာက လယ်ဆည်ဌာနနဲ့ ပိုးသတ်ဆေး တင်သွင်းလာတဲ့ ကုမ္ပဏီတွေမှာ တာဝန်ရှိပေမဲ့ ဆောင်ရွက်နိုင်တာမရှိဘူးလို့ မန္တလေးတိုင်းဒေသကြီးက တောင်သူတယောက်က ပြောပါတယ်။

“အဲဒါကို ဘန်းမဲ့အစား ဘန်းလည်း မလိုက်နာပါဘူး၊ စာရွက်ပေါ်မှာပဲ ရှိတာ။ ဖြစ်ဦးမှာပဲလေ။ အဲဒါကို ကျနော်တို့က ဘယ်လိုလုပ်လဲဆိုတော့ ပညာပေးဆောင်ရွက်ဖို့ လိုတာပေါ့။ အဲဒါကတော့ ဌာနတခုတည်း မနိုင်ဘူး။ မြို့နယ်ရုံးတွေက ကျနော် လုံးဝသဘောမကျဘူး။ သူတို့မှာလည်း ဒီလိုမျိုးတွေ လိုက်ပါဆောင်ရွက်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး။ အဲဒီတော့ နှစ်ဖက်ပေါ့။ ဌာနချည်းပဲလည်း ပြောလို့မရဘူး။ ကုမ္ပဏီဘက်ကလည်း အဲအပိုင်းလေးတွေကို လိုက်ပါထိန်းချုပ်ပြီး ပညာပေးဆောင်ရွက်ချက်လေးတွေ လိုတယ်။”

မြန်မာ GAP စနစ်ဟာ အာဆီယံ GAP လမ်းညွှန်ချက်အတိုင်း ဖြစ်ပြီး NLD အစိုးရလက်ထက်မှာ ပြည်ပ INGOs တွေကလည်း GAP စနစ် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ခဲ့တာတွေ ရှိပေမဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီအပြင် စိုက်ပျိုးရေးအသင်းအဖွဲ့တွေက လက်ရှိအချိန်အထိ အောင်မြင်အောင် ဆက်လက်လုပ်ကိုင်နိုင်တာ မရှိပါဘူး။

ဓာတ်ကြွင်းကျန်တဲ့ သီးနှံကို စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ကွင်းအမှတ်နဲ့ တောင်သူကစ ခြေရာခံ ပြုပြင်လို့ရမဲ့ GAP စနစ်ကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တစုနီးပါးက စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ပြည်ပဈေးကွက်က ယုံကြည်လက်ခံပြီး ဈေးပိုရဖို့အထိ အထောက်အပံ့ပေးနိုင်တဲ့ စနစ်တခုလည်း ဖြစ်မလာသေးပါဘူး။

ဒါကြောင့် GAP စနစ် အောင်မြင်ဖို့အတွက် လယ်ဆည်ဝန်ကြီးဌာနအနေနဲ့ အခုထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေသလို စိုက်ပျိုးရေးဆိုင်ရာ အသင်းအဖွဲ့တွေကလည်း တောင်သူတွေ လက်တွေ့အသုံးချလာတဲ့ စနစ်တခုဖြစ်လာအောင် ငွေအား၊ လူအား စိုက်ထုတ်အသုံးပြုဖို့ လိုအပ်နေတယ်လို့ လက်ရှိ GAP စနစ် အခြေအနေကို ဝိုင်းဝန်းအကောင်ထည်ဖော်နေသူတယောက်က ပြောပါတယ်။

“GAP အတွက်ဆိုရင် ဘယ်တုန်းက ပိုက်ဆံထုတ်ပေးလို့လဲ၊ အသင်းအဖွဲ့ကလည်း ဘယ်တုန်းက အမဆီ အော်ဂဲနစ်သာ တောက်လျှောက်လုပ်လာတယ်၊ ပိုက်ဆံလည်း တခါမှ ထုတ်ပေးတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေက ထားပါတော့၊ ကိုယ့်နိုင်ငံ ကိုယ်ကောင်းချင်ရင် ဒါ အမတို့လို Freelance တွေရှိတယ်။ ကိုယ့်ဟာနဲ့ကိုယ် အကုန်ခံပြီး ကိုယ့်ဟာနဲ့ကိုယ်ပဲ လျှောက်ပေးနေတာ ရှိတယ်။ ဒါပေမဲ့ အမတို့က လက်မှတ်ပေးလို့မရတဲ့အခါကျတော့ ဒီဘက် ပုဂ္ဂလိကတွေက စိတ်မဝင်စားတော့ဘဲနဲ့ အော်ဂဲနစ်ပဲ လျှောက်အော်နေကြတယ်။ GAP က တကယ်တော့ အကောင်းဆုံးပဲ။ တကယ်တော့ GAP ဖွံ့ဖြိုးမှ တော်တော်ကောင်းမှာ။”

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံကိုတင်ပို့တဲ့ ဓာတ်ကြွင်းပမာဏ သတ်မှတ်ချက်ထက် ကျော်လွန်နေတဲ့ ပဲတီစိမ်းတွေမှာ အင်းဆက်သတ်ဆေးဖြစ်တဲ့ Clothianidin ဆေးမှာ ခွင့်ပြုပမာဏထက် ကျော်လွန်နေသလို တရုတ်နိုင်ငံက လာရောက်စိုက်ပျိုးပြီး တရုတ်နိုင်ငံကိုပဲ ပြန်လည်တင်ပို့တဲ့ တစ်ရှူးငှက်ပျောတွေမှာလည်း အင်းဆက်သတ်ဆေးတွေဖြစ်တဲ့ Thiamethoxam နဲ့ Imidacloprid တွေက ခွင့်ပြုပမာဏထက် ကျော်လွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံကို တင်ပို့တဲ့ ပေါင်းဆန်တွေမှာလည်း အင်းဆက်သတ်ဆေးဖြစ်တဲ့ Thiamethoxam နဲ့ မှိုသတ်ဆေးတမျိုးဖြစ်တဲ့ Hexaconazole က ခွင့်ပြုပမာဏထက် ပိုပြီးပါဝင်နေပါတယ်။

ဒါကြောင့် ပဲတီစိမ်းကိုတော့ တရုတ်နိုင်ငံက အသုံးပြုခွင့်မပေးဘဲ ချိပ်ပိတ်တာတွေအထိ ဆောင်ရွက်ခဲ့ပြီး ဒါတွေကို လျှော့ပေါ့စဥ်းစားပေးဖို့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေတယ်လို့ သတင်းထွက်လာပေမဲ့ တိတိကျကျ ထုတ်ပြန်နိုင်တာ မရှိသေးပါဘူး။

မြန်မာ GAP စနစ် ဖြစ်လာဖို့အတွက် ၂၀၁၈ ခု၊ မေ ၁၆ ရက်က လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီးတဲ့နောက် မြန်မာ GAP စံချိန်စံညွှန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်နေ့မှာ နိုင်ငံတော် စံချိန်စံညွှန်းအဖြစ် အတည်ပြုချက် ရရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ ထိထိရောက်ရောက် အသုံးမချနိုင်သေးဘဲ ပြည်ပတင်ပို့တဲ့ သီးနှံတွေမှာ ဓာတ်ကြွင်းတွေ ကျန်ရှိနေသလို ပြည်တွင်းစားသုံးသီးနှံတွေကို ဓာတ်ကြွင်းစစ်ဆေးတာတွေ မလုပ်ဆောင်ခဲ့ပါဘူး။ 

အဲဒီဓာတ်ကြွင်းတွေက သေဆုံးမှုများနေတဲ့ ကင်ဆာရောဂါကို ဖြစ်စေတယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013