
အခုနှစ် ကြံရာသီမှာ စက်ရုံအရောက်ဝယ်တဲ့ဈေးနှုန်း ကျဆင်းလာတဲ့အတွက် ကြံစိုက်တောင်သူတွေ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
ဒီရာသီချိန်မှာ ကြံ ၁ တန် စက်ရုံအရောက်ဈေး ၁၇၀,၀၀ဝ ကျပ်နှုန်းနဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံတွေက အသိပေးထုတ်ပြန်ထားပါတယ်။
ဒီဈေးနှုန်းဟာ အရနှစ်ထက် နည်းပါးပြီး ဒီနှစ်လို စိုက်ပျိုးစရိတ်သွင်းအားစုဈေးတွေ တက်နေတဲ့အချိန်မှာ ဈေးလျှော့ဝယ်ယူတာကြောင့် တောင်သူတွေအတွက် အမြတ်မကျန်ဘူးလို့ သိရပါတယ်။
ကြံစိုက်တောင်သူတယောက်က “သွင်းအားစုစရိတ်တွေက ပိုပိုတက်လာတာ။ ပြီးခဲ့တဲ့နှစ်ကထက် ဈေးနည်းတော့ အမြတ်မကျန်ဘူးလေ။ ပြီးတော့ တွက်ခြေလည်းမကိုက်ဘူး။ ရာသီချိန်မရောက်ခင်တုန်းကတော့ ဈေးကတော့ ဘယ်လောက်ဖြင့်ဟေ့ဆိုပြီး အသံမျိုးစုံထွက်နေတာ။ တကယ်တမ်းလည်းကျရော ဈေးကပေးတာနည်းနည်းလေး။ အဆင်မပြေဘူး။ ရှုံးတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ကြံကြိတ်ခွဲရာသီမှာ ကြံ ၁ တန်ကို စက်ရုံအရောက် ငွေကျပ် ၁၈၀,၀၀၀ ကနေ ကျပ် ၂ သိန်း အထိ ဈေးကောင်းပေး ဝယ်ခဲ့တာဖြစ်ပါတယ်။
တောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး၊ အလုပ်သမားငှားရမ်းခ၊ စက်သုံးဆီစျေး၊ စက်ငှားရမ်းခ စသဖြင့် ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဒီနှစ်ပေးတဲ့ဈေးဟာ တွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်းသကြားဈေးနှုန်း ၁ ပိဿာကို ငွေကျပ် ၄,ဝ၀ဝ ဝန်းကျင်ရှိပြီး နိုင်ငံတကာသကြားပေါက်ဈေးလည်း အနိမ့်ဈေးဖြစ်တဲ့ ၁ တန်ကို အမေရိကန်ဒေါ်လာ ၅ဝဝ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။
ပြည်တွင်းမှာ စုစုပေါင်းကြံစိုက် ဧက ၄၅၀,၀၀၀ ဝန်းကျင်ရှိပြီး တနိုင်ငံလုံးမှာ သကြားစက်ရုံပေါင်း ၂၉ ရုံရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ကြံတန်ချိန် ၅ သန်းခွဲလောက်ကို သကြားစက်တွေက ဝယ်ယူခဲ့ပြီး သကြားတန်ချိန် ၅ သိန်းခွဲလောက်ထွက်ခဲ့ပါတယ်။
သကြားစက်ရုံတွေကနေ ထွက်လာတဲ့သကြားကို ပြည်တွင်းစားသုံးမှုဖူလုံစေဖို့ အဓိကထားပြီး ပိုလျှံတဲ့သကြားကိုတော့ ဗီယက်နမ်နိုင်ငံကို တင်ပို့တယ်လို့ သိရပါတယ်။


