
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမဲ့ တနင်္လာ ဒီဇင်ဘာ ၂၂ ရက်မှာ တံခါးပိတ်အစည်းအဝေးတရပ် ကျင်းပမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူးလီဘစ်ရှော့ပ် နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တန်သီရိ အော့စမန် ဟာရှင် တို့က အခြေအနေတွေကို ရှင်းလင်းတင်ပြကြမယ်လို့ ဆိုပါတယ်။
အခု ခုအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာ့အရေးကို အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံတို့က တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အထူးသံတမန် ဘစ်ရှော့ပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းမှာ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်၊ အတိုက်အခံအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာတွေအပါအဝင် သူ့ရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲကို အတိုက်အခံတွေက စစ်ကောင်စီ တရားဝင်မှုရအောင်လုပ်တဲ့ ဟန်ပြလုပ်ရပ်အဖြစ် ပယ်ချထားကြောင်း အောက်တိုဘာ ၂၈ ရက်က အထွေထွေညီလာခံ တတိယကော်မတီကို တင်ပြခဲ့ပြီး အခုလည်း ဒါနဲ့ပတ်သက်လို့ ပြောဆိုနိုင်တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ ကောင်စီဝင်တချို့က ရွေးကောက်ပွဲအပေါ် စိုးရိမ်ကြောင်း ဖော်ပြနိုင်ပြီး လွတ်လပ်၊ တရားမျှတ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ အကြမ်းဖက်မှုတွေတိုးလာနိုင်တဲ့ အန္တရာယ်ကို အလေးပေး ပြောဆိုကြမှာဖြစ်ပေမဲ့ တခြားအဖွဲ့ဝင်တွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုထောက်ခံပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့ လမ်းစအဖြစ် ဆွေးနွေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အာဆီယံအထူးသံတမန် အော့စမန်ကလည်း အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို တင်ပြမှာဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းလည်း ရှင်းပြနိုင်တယ်လို့ ဆိုပါတယ်။
ဒီအစည်းအဝေးမှာ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေက အဓိက ဆွေးနွေးစရာ ဖြစ်ပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်တာတွေအတွက် တာဝန်ခံမှုရှိစေဖို့ အလေးပေး ဆွေးနွေးကြလိမ့်မယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာအရေး၊ တခြားလူနည်းစုအရေးတွေကိုလည်း အဖွဲ့ဝင်တချို့က ထုတ်ဖော်ပြောဆိုနိုင်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ၄ ကြိမ်မြောက် ဆွေးနွေးတာဖြစ်ပြီး မြန်မာ့အခြေအနေမှာ ဆက်လက်ဆိုးရွားနေပေမဲ့ လုံခြုံရေးကောင်စီဟာ ဒီကိစ္စအပေါ် သိသိသာသာ တက်ကြွ ဆောင်ရွက်တာမရှိခဲ့ဘဲ မနှစ်ကတော့ ၆ ကြိမ်ဆွေးနွေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လမှာ ဗြိတိန်က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်တာကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။


