
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထစ်စပန်းရုံး မီးပွိုင့်အရှေ့မှာ ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီထိုးလောက်မှာ အိမ်စီးကားတစီးက စက်ဘီးကို တိုက်မိရာက စက်ဘီးစီးလာတဲ့ မြန်မာအမျိုးသားတယောက် သေဆုံးသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားပြီး စက်ဘီးစီးလာတဲ့ မြန်မာအမျိုးသားမှာ အခင်းဖြစ်ရာနေရာမှာ သတိလစ်နေလို့ ဖိထပ်ကန် မဲဆောက် လူမှုကူညီရေးအသင်း ကားနဲ့ International ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိခဲ့သူ မဲဆောက်ရောက် မြန်မာနိုင်ငံသားတယောက်က “ကားအဖြူရောင် အိမ်စီးကား၊ မြန်မာလူမျိုးပဲ။ စက်ဘီးနင်းလာတာလည်း မြန်မာလူမျိုးပဲ၊ မြန်မာအချင်းချင်း ယာဥ်မတော်တဆ ဖြစ်တာပေါ့။ မောင်းလာတဲ့ကားကတော့ အရှိန်အတော်လေးပြင်းတယ်၊ ဘာမှတော့ မှတ်ချက်မပေးချင်ပါဘူး။ အထူးသဖြင့် ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်။ မလိုအပ်ဘဲ အသက်တွေဆုံးရှုံးရတာ စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။
ဖိထပ်ကန် မဲဆောက် လူမှုကူညီရေးအသင်းက သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အမျိုးသားရဲ့ ရုပ်အလောင်းကို မဲဆောက်ဆေးရုံကြီးမှာ ပို့ဆောင်ထားပြီး သေဆုံးသူ အမျိုးသား မည်သူမည်ဝါဖြစ်တယ်ဆိုတာ တာဝန်ရှိသူတွေက စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီလောက်မှာလည်း မဲဆောက်မြို့၊ ထဆိုင်လွတ်ရပ်ကွက် CDC ကျောင်းသွားတဲ့ လမ်းပေါ်မှာ ကျောင်းသူတယောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့ပြီး ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေစဉ် ဒီဇင်ဘာ ၁၈ ရက်ညမှာ သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


