
ရွေးကောက်ပွဲ မကျင်းပဖြစ်ပဲကျန်နေတဲ့ မြို့နယ် ၅၆ မြို့နယ်ကို ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးသွားမှာဖြစ်ပြီး လူတိုင်းမဖြစ်မနေ မဲပေးဖို့ လိုအပ်ကြောင်း ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က ကချင်ပြည်နယ် ပူတာအိုမြိုနယ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံစဥ် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တာပါ။
“ရွေးကောက်ပွဲကို ပထမပိုင်းမှာ ၁၀၂ မြို့နယ်၊ ဒုတိယပိုင်း၌ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်း ၇၂ မြို့နယ် အပိုင်း ၃ ပိုင်းခွဲ၍ ပြုလုပ်သွားမှာဖြစ်ပြီး ကျန်ခဲ့တဲ့ မြို့နယ် ၅၆ မြိုနယ်ကို ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးသွားမယ်။”
ဒါ့အပြင် ဒုစစ်ခေါင်းဆောင်က လူတိုင်း မဖြစ်မနေမဲပေးဖို့၊ မဲပေးရင် စစ်တပ်က ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးဖို့လည်း မဲဆွယ်စည်းရုံးခဲ့ပါတယ်။
"ပါတီစုံဒီမိုကရေစီလျှောက်လမ်းတဲ့ နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တဦးချင်းမှာ တာဝန်ရှိပြီး လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်စေရန် လူတိုင်းမဖြစ်မနေ ပါဝင်မဲပေးကြရမည်ဖြစ်ပြီး မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ ဖြစ်ရန် လိုအပ်ကြောင်း” ပြောဆိုပါတယ်။
စစ်ခေါင်းဆောင်က မဲပေးခြင်း၊ မပေးခြင်းက နိုင်ငံသားတွေရဲ့ဆန္ဒလို့ ပြောပေမဲ့ ရွေးကောက်ပွဲနီးလာချိန်မှာ ဝန်ထမ်းတိုင်းကို မဖြစ်မနေ မဲပေးဖို့ ပြောဆိုတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“မင်းအောင်လှိုင်က မဲပေးတာ၊ မပေးတာက နိုင်ငံသားတွေရဲ့ဆန္ဒလို့ ပြောတယ်၊ ဦးစိုးဝင်းကျတော့ ဝန်ထမ်းတိုင်းကို မဖြစ်မနေ မဲပေးဖို့ တပ်က ကိုယ်စားလှယ်တွေကို ရွေးပြီးမဲပေးဖို့ ပြောတယ်၊ ဘယ်သူ့စကား နားထောင်ရမှန်းမသိဘူး။”
စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့အပိုင်း ၂ မှာ ရန်ကုန်တိုင်းမှအပ ပြည်နယ်နဲ့တိုင်းက ရပ်ကွက်နဲ့ကျေးရွာ ၃၀၀၀ နီးပါးမှာ ပြုလုပ်နိုင်ခြင်း မရှိပေ။
စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပါတီပေါင်း ၅၇ က ဝင်ပြိုင်သွားမှာဖြစ်ပြီး အဲဒီထဲမှာ စစ်တပ်ကိုယ်စားလှယ်နဲ့ အငြိမ်းစစ်မှုထမ်းတွေ အများစုတည်ထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁,၀၀၀ ကျော် ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


