
ရှမ်းပြည်နယ် မှတ်ပုံတင် (၁၃ မျဉ်းစောင်း) ကိုင်ဆောင်ထားတဲ့ ကျားဖြန့်တရုတ်တွေကို ဘားအံနဲ့ မော်လမြိုင်လမ်းကြောင်း တလျှောက်က စစ်ဆေးရေးဂိတ်အချို့ကို ရှောင်ပြီး ဆိုင်ကယ်နဲ့ ပို့ပေးနေသူတွေ တရက် ဝင်ငွေ ကျပ်သိန်းနဲ့ ချီရရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းခံရလို့ ထွက်ပြေးလာကြသူတွေထဲမှာ မြန်မာပြည်ဖွားမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို လာဘ်ငွေပေးပြီး ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ရယူကိုင်ဆောင်ထားကြတဲ့ တရုတ်တွေ ပါဝင်နေပြီး မြဝတီ၊ ဘားအံနဲ့ မွန်ပြည်နယ်ထဲက မြို့တချို့ဆီရောက်ရှိနေကာ ခရီးဆက်ဖို့ကြိုး ပမ်းနေကြတာလို့ ဆိုပါတယ်။
အဲဒီတရုတ်တွေကို လူမှောင်ခိုသမားတွေက ရန်ကုန်မြို့အရောက် တယောက်ကို ကျပ်သိန်း ၅၀ လောက်နဲ့ ခေါ်သွင်းပေးနေတာဖြစ်ပြီး အစစ်အဆေးရေးကြမ်းတဲ့ဂိတ်တွေ မရောက်ခင် ဆိုင်ကယ်နဲ့ ပြောင်းပြီး ရှောင်ကွင်းပို့ပေးရတာလို့ လူမှောင်ခိုလောကသားတယောက်က ပြောပါတယ်။
"လမ်းကျွမ်းတဲ့ နယ်ခံဆိုင်ကယ်ကယ်ရီသမားတွေကို ငှားသုံးကြတာ။ အစစ်အဆေးကြမ်းတဲ့ ဂိတ်တဖြတ်၊ တဖြတ်အတွက် ၁၃ မျဉ်းစောင်းတယောက်ကို အနည်းဆုံး ၄ သိန်းလောက်ရတယ်။ လမ်းခရီးအကွာအဝေးနဲ့ အဖမ်းအဆီး အခြေအနေအပေါ်မူတည်ပြီး စျေးကွာသေးတယ်။"
အဲဒီဆိုင်ကယ်ကယ်ရီတွေအနေနဲ့ စစ်ဆေးရေးဂိတ်တွေကို ရွာလမ်း၊ ဖြတ်လမ်းတွေကနေ ရှောင်မောင်းပြီး ကြိုတင်ချိန်းဆိုထားတဲ့နေရာမှာ စောင့်နေတဲ့ကားရှိတဲ့ဆီ ပို့ပေးရတာလို့ မှောင်ခိုလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
မှောင်ခိုကုန်ပစ္စည်းရောင်းနေသူတယောက်က “တချို့ဂိတ်တွေက လိုင်းကြေးပေးပြီး ကားပေါ်တင် ခေါ်သွားလို့ရတယ်။ တခါတလေစီမံချက်၊ ရှောင်တခင်ဖမ်းတတ်တာမျိုးရှိတော့ သတင်းကြိုထောက်ပြီး ချိန်းရတယ်။ ၁၃ မျဉ်းစောင်းတင်မလားဆိုပြီး လာချိတ်တာရှိတယ်။ အဲဒီလိုင်းကို မသန်လို့မလုပ်တာ” လို့ ပြောပါတယ်။
တရုတ်တွေက စစ်တပ်အရာရှိပိုင်းနဲ့ လဝကထိပ်ပိုင်းအရာရှိတွေကို လာဘ်ငွေပေးပြီး ရှမ်းပြည်နယ် မှတ်ပုံတင်ကို ရယူထားကြတာဖြစ်သလို တချို့မှာ အစစ်နီးပါးတူတဲ့ မှတ်ပုံတင်အတု ဆောင်ထားကြတာလို့ မြို့နယ်အဆင့် အငြိမ်းစား လဝက ဦးစီးအရာရှိတယောက်က ပြောပါတယ်။
လမ်းစစ်ဆေးရေးဂိတ်တွေက ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ထားသူတွေကို စောင့်ကြည့်စစ်ဆေး တာတွေ ပိုလုပ်နေတာကြောင့် ခရီးသွားလာရခက်ခဲတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ တောင်ကြီးမြို့ခံ ရှမ်းတိုင်းရင်းသားတယောက်က ပြောပါတယ်။


