
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရတဲ့အသင်းတွေအတွက် အရင်ပြိုင်ပွဲတွေကထက် ၅၀ ရာခိုင်နှုန်း ဆုကြေးငွေ တိုးမြှင့်ရရှိမယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက ပြောသွားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အသင်းအရေအတွက် ၄၈ သင်းနဲ့ ပထမဆုံးအကြိမ်ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာပါ။
ဖီဖာအနေနဲ့ ပြိုင်ပွဲတခုလုံးအတွက် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၇၂၇ သန်း ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့်ရအသင်းတွေအနေနဲ့ လေ့ကျင့်ပြင်ဆင်မှု ကုန်ကျစရိတ်အဖြစ် တသင်းကို ကန်ဒေါ်လာ ၁၀ သန်းကျော် အနည်းဆုံးရရှိမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဖြစ်မဲ့အသင်းက ကန်ဒေါ်လာ သန်း ၅၀ ခန့်ရရှိမှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက ဒေါ်လာ ၃၃ သန်းခန့်ရရှိမှာပါ။
အုပ်စုအဆင့်ကနေ ထွက်ခွာရမဲ့အသင်းတွေကတော့ ကန်ဒေါ်လာ ၉ သန်းရရှိနိုင်မယ်လို့ သိရပါတယ်။


