Home
မြန်မာသတင်း
သရုပ်ပျက် မဲဆွယ်စည်းရုံးရေးပုံစံကြောင့် ကြံ့ခိုင်ရေးပါတီ ဝေဖန်ခံနေရ
DVB
·
December 16, 2025

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဝင်တယောက်က အမျိုးသမီးတယောက်အပေါ် မသင့်လျော်တဲ့ အပြုအမူနဲ့ မဲဆွယ်စည်းရေးလုပ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူထုကြားထဲ ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်ခံနေရပါတယ်။

ဖိုဝါဒကြီးစိုးတဲ့ ပါတီတခုရဲ့ လုပ်ရပ်ဟာ လက်ရှိအချိန်မှာ အမျိုးသမီးတွေအပေါ် မလေးစားရာ ရောက်သလို နောက်ပိုင်းမှာလည်း အမျိုးသမီးထုနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်စော်ကားမှု ပိုဆိုးလာနိုင်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး  ဒေါ်နှင်းနှင်းမွှေးက ဝေဖန်ထောက်ပြပါတယ်။

“ဒီလိုမျိုး ဖိုဝါဒကြီးစိုးနေတဲ့ စစ်တပ်က ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အခုမဲဆွယ်တဲ့ ပုံရိပ်တွေမှာ အမျိုးသမီးတွေပေါ်မှာ လုံးဝကို လေးစားမှုမရှိဘဲနဲ့ ဒါ ကိုယ်ထိလက်ရောက်စော်ကားတဲ့ ပုံစံမျိုးတွေလည်း ကျမတို့ တွေ့မြင်ရတဲ့အခါကျတော့ ဒါတော်တော်ကို မသင့်လျော်တဲ့ကိစ္စ ဖြစ်တယ်။ နိုင်ငံရေးသမားလုပ်မယ်ဆိုရင် နိုင်ငံရေးသမားတွေက ပြည်သူလူထုပေါ်မှာ လေးစားရမယ်။ နိုင်ငံရဲ့ ထက်ဝက်ကျော်ရှိတဲ့ ပြည်သူလူထုပေါ်မှာ တန်ဖိုးထားပြီးတော့ လေးလေးစားစား ဆက်ဆံရမယ်လို့ မြင်ပါတယ်။ အခုတော့ သူတို့ အာဏာရမယ်ဆိုတာ သေချာနေတာနဲ့ တပြိုင်နက်တည်းမှာ ပြည်သူလူထုပေါ်မှာ မလေးစားတဲ့ပုံစံမျိုး အမျိုးသမီးထုအပေါ်မှာ စော်ကားတဲ့ပုံစံမျိုးကို လုပ်နေတာက သူတို့ပုံရိပ်ကို ဖော်ပြနေတာလို့ ကျမထင်ပါတယ်။”

ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နဲ့ ဒေသတွေမှာ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ကိုယ်စားလှယ်လောင်းတွေအပြင် ပါတီဝင်တွေက အားဖြည့်မဲဆွယ်စည်းရုံးပေးနေတာဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာတော့ အမျိုးသမီး တယောက်ကို ကြံ့ခိုင်ရေး ပါတီဝင်တယောက်က နောက်ကနေ သိုင်းဖက်ကာ မဲပေးစက်အကြောင်း ရှင်းပြနေတာဖြစ်ကြောင်း သိရှိရပြီး ဒီလိုလုပ်ရပ်ဟာ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာဖြစ်ကြောင်း  ပြည်သူတယောက်က ဝေဖန်ပါတယ်။ 

“တကယ်ကို ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ပေါ့နော်၊ ဒီလုပ်ရပ်အပေါ် ကျနော် စဉ်းစားမိတာပေါ့။ ဒီပါတီက ဒီလို အမျိုးသမီးတယောက်ရဲ့ ဂုဏ်သိက္ခာကိုတောင် မလေးစားတဲ့သူတွေကို၊ ဘယ်လိုလုပ် မဲဆွယ် စည်းရုံးစေသလဲပေါ့။ ဒါ လိင်အမြတ်ထုတ်မှုလို့တောင် ပြောလို့ရတယ်။ ပြောချင်တာက ဒီကြံ့ခိုင်ရေးပါတီက ဘယ်သူ့ ဂုဏ်သိက္ခာမှ ထောက်နေမှာ မဟုတ်ဘူး။ စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ သူတို့အတွက်ပဲ သူတို့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ကြိုးစားသွားမှာလို့ ကျနော်ကတော့ မြင်တယ်။”

ကြံ့ခိုင်ရေးပါတီဟာ မဲဆွယ်စည်းရုံးရေးကာလမှာ အင်အားအမျာအပြားနဲ့ ကုန်ကျစရိတ် အများဆုံး သုံးကာ မဲဆွယ်စည်းရုံးရေးနေတာပါတယ်။

လာမဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေ ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီကနေ ကိုယ်စားလှယ်လောင်း ၁,၀၄၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013