
စစ်အုပ်စုက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေ နိုဝင်ဘာလအတွင်း မြို့နယ်ပေါင်း ၂၀ မှာ ဖျက်ဆီးခံရတယ်လို့ စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း မြန်မာနိုင်ငံတဝန်း ပါတီကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရမှု မြင့်တက်ခဲ့ပြီး ဖျက်ဆီးခံရတဲ့ ဆိုင်းဘုတ်အများစုမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရန်ကုန်မှာ ၆ မြို့နယ်၊ မန္တလေးမှာ ၄ မြို့နယ်၊ ကရင်မှာ ၂ မြို့နယ်၊ ဧရာဝတီတိုင်းမှာ ၃ မြို့နယ်၊ ကချင်၊ ပဲခူး၊ တနင်္သာရီနဲ့ မွန်ပြည်နယ်မှာ ၅ မြို့နယ်၊ မြို့ပေါင်း ၂၀ မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ။ တချို့က ပါးစပ်နားကို ကွက်ပြီး ဖြဲသွားတယ်၊ တချို့က မျက်လုံးနှစ်လုံးကို ထိုးဖောက်သွားတာ၊ တချို့နေရာတွေဆို မီးပါရှို့သွားတာ၊ မနက် ပြာပုံပဲကျန်တယ်။”
ဖျက်ဆီးခံရတဲ့ မြို့နယ်တွေမှာ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကြည့်မြင်တိုင်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာ၊ ကျောက်တန်း၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ စဥ့်ကိုင်၊ ဘားအံ၊ မြဝတီ၊ ကန်ကြီးထောင့်၊ ငွေဆောင်၊ ရေကြည်၊ ချောင်းဆုံ၊ မြစ်ကြီးနား၊ ပဲခူး၊ ပေါင်းတည်နဲ့ ကျွန်းစုမြို့နယ်တို့ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်မဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ဖျက်ဆီးခံရတာ ၃ ကြိမ်အထိ ရှိပြီလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဘားအံမှာဆို ဝန်ကြီးချုပ် မဲဆွယ်စည်းရုံးဆိုင်းဘုတ် ဖျက်ဆီးခံရတာ ၃ ကြိမ်ရှိပြီ။ အုပ်ချုပ်ရေးမှူးရုံးရှေ့ထောင်လည်း မရ၊ စာသင်ကျောင်းရှေ့မှာလည်း မရဘူး၊ ဘုန်းကြီးကျောင်းရှေ့ ဆိုင်းဘုတ်သွားထောင်လည်း ဖျက်ဆီးခံရတာပဲ။ နောက်ဆုံး ပျူစောထီးတွေငှားပြီး ဆိုင်းဘုတ်ကို လုံခြုံရေးယူခိုင်းထားရတယ်။”
စစ်အုပ်စုက ဒီဇင်ဘာ ၂၈ ရက် ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


