
ရန်သူနဲ့ ရင်ဆိုင်ရချိန် တိုက်ပွဲအဆုံးအဖြတ်မှာ လေကြောင်းက အားသာတာဖြစ်လို့ လေတပ်အတွက် လေယာဥ်တွေ ထပ်မံဝယ်ယူ ဖြည့်တင်းပေးသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ စစ်ခေါင်းဆောင်က Mi 17 အပါအဝင် ဗုံးကြဲလေယာဥ် အစင်း ၃၀ ကို ထုတ်ပြပြီး ပြောဆိုတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လေတပ်မှာ မြန်မာ့ဝေဟင်ပိုင်နက်တခုလုံး အလှမ်းမီ စိုးမိုးထားနိုင်ပြီး ရန်သူကို နှိမ်နင်းရာမှာ လေကြောင်းမှာ အရေးပါပြီး လေတပ်မှာလည်း နည်းဗျူဟာတွေ တိုးတက်လာပြီဖြစ်လို့ လေယာဥ်တွေ ထပ်မံဝယ်ယူမှာဖြစ်သလို လေတပ်အင်အားကိုလည်း ဖြည့်တင်းပေးသွားမယ်” လို့ ပြောပါတယ်။
မနေ့က စစ်ခေါင်းဆောင်ထုတ်ပြခဲ့တဲ့ လေယာဥ်တွေမှာ Mi-17 ၄ စင်း ၊ Bell 206 ၂ စင်း၊ H-125 ၂ စင်း၊ H - 120 ၂ စင်း၊ MTX-1B ကင်းထောက် ၁ စင်း၊ Grob-120 TP ၃ စင်း ၊ K-8 ၅ စင်း၊ F - 7 ၄ စင်း၊ MiG-29 ၅ စင်း၊ Su-30 SME ၂ စင်းနဲ့ FTC 2000G ၂ စင်း စုစုပေါင် အစင်း ၃၀ ဖြစ်ပါတယ်။
လေတပ်က အရာရှိ၊ စစ်သည်တွေအနေနဲ့ ရန်သူကို နှိမ်နင်းရာမှာ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားတို့ကို ထိရောက်စွာ အသုံးချပြီး မိမိရည်မှန်းချက်ပန်းတိုင်ကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ အမိန့် ပေးသလို လေယာဥ်တွေကို စနစ်တကျကိုင်တွယ်ဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စစ်လေယာဉ်တွေကို ပြည်ပနိုင်ငံတွေနဲ့ ရင်ဆိုင်ရာမှာ အသုံးပြုတာမဟုတ်ဘဲ ပြည်သူပိုင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ ဒီလိုလေယာဥ်တွေ ထုတ်ပြတာဟာ အာဆီယံအပါအဝင် နိုင်ငံတကာက ကန့်ကွက်နေလည်း ဂရုမစိုက်ဘဲ မြို့ရွာများကို ထပ်မံဗုံးကြဲမယ်ဆိုတဲ့သဘော သက်ရောက်နေတယ်လို့ စစ်ရေးသုံးသပ်သူတယောက်က ဝေဖန်ပြောပါတယ်။
“မြောက်ဦးဆေးရုံကို ဗုံးကြဲတယ်၊ နိုင်ငံတကာက ကန့်ကွက်တယ်၊ နောက်ရက် ကျောက်ဖြူ ပုဏ္ဏားကျွန်းတို့ကို ထပ်ကြဲပြတယ်။ အာဆီယံဥက္ကဋ္ဌက စစ်ရာဇဝတ်မှုမြောက်တယ်လို့ သတိပေးတယ်။ ဗုံးကြဲလေယာဥ်အစင်း ၃၀ ထုတ်ပြတယ်ဆိုတော့။ ဘယ်သူပြောပြော စစ်တပ်က ဂရုမစိုက်ဘူး။ ဆက်ပြီးဗုံးကြဲမယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။”
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က တရုတ်နဲ့ ရုရှားဆီက ဝယ်ယူထားတဲ့ စစ်ဘက်သုံးနဲ့ ဗုံးကြဲလေယာဥ် အစင်း ၅၀ ကျော်ရှိပြီလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။


