Home
မြန်မာသတင်း
လွှတ်တော်က ရွေးချယ်ပါက စစ်ခေါင်းဆောင် သမ္မတလုပ်နိုင်ဟုဆို
DVB
·
December 15, 2025

 ရွေးကောက်ပွဲအလွန် နောင်လာမဲ့ အစိုးရသစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခဲ့ရင် စစ်ခေါင်းဆောင်အနေနဲ့ သမ္မတတာဝန်ယူနိုင်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရန်ကုန်မြို့၊ ကုန်းမြင့်သာရိပ်သာမှာ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နောင်လာမဲ့ အစိုးရသစ်လက်ထက် ကာကွယ်ရေးဦးစီးချုပ်က သမ္မတလုပ်မှာလားဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

ဗိုလ်ချုပ် ဇော်မင်းထွန်းက "တဦးချင်းအနေနဲ့ကတော့ နိုင်ငံတော်သမ္မတဆိုတာကို လုပ်ချင်ပါတယ်လို့ ပြောလို့မရသလို မလုပ်ချင်ပါဘူးလို့လည်း ပြောလို့မရဘူး။ သူ့ဥပဒေအတိုင်းပဲ၊ ဆိုလိုတာက လုပ်ချင်ပါတယ်ဆိုတိုင်းလည်း ဥပဒေနဲ့ မညီရင် လုပ်လို့မရဘူး။ မလုပ်ချင်ပါဆိုပေမဲ့ ရွေးကောက်တင်မြှောက်ရင်လုပ်ရမှာပဲ။ လုပ်ချင်ပါတယ်ဆိုတိုင်း မဖြစ်တဲ့သူတွေ ရှေ့မှာအများကြီးပဲ” လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက စစ်ခေါင်းဆောင်က သူရရှိထားတဲ့ အတွေ့အကြုံတွေကို နိုင်ငံတော်နဲ့ ပြည်သူလူထုက တာဝန်ပေးလာရင် နိုင်ငံတော်အတွက် အသုံးချသွားမယ်လို့   မီဒီယာတချို့ကို ပြောဆိုခဲ့တာ ရှိပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ လွှတ်တော်အမတ်တွေ ကိုယ်စားလှယ်တွေက ဒုသမ္မတတွေကို ရွေးချယ်ရတာဖြစ်တယ်။ သမ္မတရွေးချယ်ခြင်းကိစ္စကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီးဖြစ်တယ်။ ရွေးချယ်ရေးအဖွဲ့ဖွဲ့၊ ရွေးချယ်လိုက်ပြီး အဆင့်ဆင့် မဲပေးရတာဖြစ်တယ်။ မဲပေးပြီးဖြစ်လာရင်တော့ သမ္မတလုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဗိုလ်သင်တန်းကျောင်းဆင်းပွဲတွေကို ဆက်တိုက် သွားသလို အရာရှိစစ်သည်တွေကိုလည်း နောင်လာမဲ့ အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ပြောဆိုနေတာကို ကြည့်ခြင်းဖြင့် မင်းအောင်လှိုင်ကို ရွေးကောက်ပွဲ အလွန်မှာ သမ္မတအနေနဲ့ တွေ့နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

"ယာယီသမ္မတလို့ သုံးနေကတည်းက ၂၀၂၅ အလွန်မှာ မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူတိုင်းသိတယ်။ အခုလထဲမှာလုပ်တဲ့ ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွေကလည်း သူရဲ့နောက်ဆုံးပွဲတွေလို့ နေပြည်တော်မှာ အသံထွက်နေတယ်။ လာမဲ့ အခင်းအကျင်းက ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ။"

စစ်ခေါင်းဆောင်က သမ္မတဖြစ်ချင်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါဝင် အရပ်သားအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာလို့လည်း သုံးသပ်ချက်တွေရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013