
ဂါဇာကမ်းမြောင်မှာ ဒီဇင်ဘာ ၁၃ ရက်က တိုက်ခိုက်မှုတခုအတွင်း အစ္စရေးတပ်ဖွဲ့ဝင်တွေက ဟားမတ်စ် စစ်သွေးကြွ အကြီးတန်းတာဝန်ရှိသူ တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။
ဟားမတ်စ်ရဲ့ စစ်ဘက်ဆိုင်ရာဌာနခွဲ၊ လက်နက်ထုတ်လုပ်ရေးဌာနချုပ် အကြီးအကဲ ရာအက်ဒ် ဆာအက်ဒ် သေဆုံးခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ရှင်းဘတ်လုံခြုံရေးအေဂျင်စီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
အစ္စရေးစစ်တပ်က မကြာသေးမီလတွေအတွင်း ဟားမတ်စ်ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချိုးဖောက်မှုတွေအတွက် ဆာအက်ဒ်မှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကာလအတွင်း လက်နက်တွေ ဆက်ထုတ်လုပ်ရာမှာ သူက ဦးဆောင်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
ဆာအက်ဒ်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကို စီစဉ်သူတွေထဲက တယောက်ဖြစ်ပြီး ဂါဇာမှာ နောက်ဆုံးလက်ကျန် အကြီးတန်း စစ်သွေးကြွတွေထဲက တယောက် အဖြစ် အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးဟာ အရင်က ဆာအက်ဒ်ကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ တချိန်တည်းမှာ စနေနေ့မှာ အစ္စရေးဒရုန်းတစင်းဟာ ဂါဇာမြို့ အနောက်ဘက်က ယာဉ်တစီးကို ပစ်မှတ်ထားခဲ့ပြီး ပါလက်စတိုင်းအများအပြား သေဆုံးဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း သတင်းအချက်အလက်အေဂျင်စီ (WAFA)က ပြောပါတယ်။
ဟားမတ်စ်က အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကို အဆက်မပြတ် ပိတ်ဆို့ထားပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကြားဝင်ညှိနှိုင်းသူတွေနဲ့ အာမခံပေးတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို အလေးအနက်ထား ဖြည့်ဆည်းဖို့နဲ့ အစ္စရေးက သဘောတူညီချက်ကို ဆက်ချိုးဖောက်ခြင်းကနေ ကာကွယ်ဖို့၊ အပစ်အခတ်ရပ်စဲရေးယန္တရားကို ထိခိုက်အောင် ကြိုးပမ်းတာကနေ ကာကွယ်ဖို့ ပေါ်ပေါ်တင်တင် ချိုးဖောက်မှုတွေကို အရေးတကြီး အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters


