Home
နိုင်ငံတကာ
ပါလက်စတိုင်း အလ်-မူဟေးယာ ရွာကို အစ္စရေးစစ်တပ် စီးနင်း၊ နေအိမ်များကို ဖျက်ဆီး
DVB
·
August 24, 2025
Photo: Reuters

ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်းရှိ ရာမားလာမြို့ရဲ့ အရှေ့မြောက်ပိုင်းမှ အလ်-မူဟေးယာ ကျေးရွာအတွင်းကို အစ္စရေးစစ်တပ်က ဩဂုတ် ၂၂ ရက် သောကြာနေ့မှာ စစ်ဆင်ရေးဆက်လုပ်ခဲ့ပြီး ရာနဲ့ချီတဲ့ သံလွင်ပင်တွေကိုလည်း မြေလှန်ဆွဲနုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သြဂုတ် ၂၁ ရက်က စတင်ခဲ့တဲ့ စစ်တပ် စီးနင်းမှုမှာ လူနာတင်ယာဉ်တွေတောင် အဝင်/အထွက် သွားလာလို့ မရအောင် ရွာဝင်ပေါက်တွေကို ပိတ်ဆို့တာ၊ နေအိမ်တွေကို ရှာဖွေတာနဲ့ စိုက်ပျိုးခင်းတွေကို ဖျက်ဆီးပစ်တာတွေအပြင် ဖမ်းဆီးမှုတွေလည်း လုပ်ခဲ့ပါတယ်။ 

အစ္စရေးစစ်တပ်နဲ့ အစ္စရေး အခြေချနေထိုင်သူတွေဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ သံလွင်ပင်တွေ ရာနဲ့ချီ ခုတ်ထစ် ဆွဲနုတ်ခဲ့ပြီး ဘူဒိုဇာ ၁၀ စီးလောက်နဲ့ ဒွန်နမ် ၂၀၀၀ ကျော်ရှိတဲ့ မြေပြင်ကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း အလ်-မူဟေးယာ ကျေးရွာကောင်စီအဖွဲ့ဝင် မာဇွတ်ခ် အဘူ နာအီးမ် က ပြောပါတယ်။ 

သံလွင်ပင်တွေ တန်းစီစိုက်ထားတဲ့ ရွာအရှေ့ဘက်ရှိ လယ်မြေတွေ ပျက်စီးသွားပြီလို့လည်း ဆိုပါတယ်။ 

ရွာထဲမှာလည်း စစ်သားတွေက အိမ်တိုင်းကို လိုက်ရှာကြပြီးတော့ အိမ်တွေမှာ အသံဗုံးတွေ ပစ်ခတ်ပြီး အိမ်ပရိဘောဂတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အစ္စရေးစစ်တပ်က ကာကွယ်ရေးတွေမြှင့်တင်ဖို့ နဲ့ ဒေသရှိ တပ်ဖွဲ့တွေဟာ အလ်-မူဟေးယာ ကျေးရွာ အစွန်အဖျားရှိ သစ်ပင်တွေကို ရှင်းလင်းနေကြောင်းနဲ့ စုစုပေါင်း သစ်ပင် ၃,၁၀၀ ခုတ်ထွင်ရှင်းလင်းခဲ့ပြီးတော့ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ 

အလ်-မူဟေးယာ ရွာအနီးမှာ အစ္စရေးတယောက် ပစ်သတ်ခံရကြောင်း သြဂုတ် ၂၁ ရက်မှာ အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပြီး စစ်သားတွေဟာ အလ်-မူဟေးယာ ကျေးရွာနဲ့ တခြားဧရိယာတွေကို ဝိုင်းရံထားပြီး တိုက်ခိုက်သူကို ရှာဖွေနေကြောင်းလည်း ပြောပါတယ်။ 

ဒေသခံတွေကို တိုက်ခိုက်ရင် ကြီးကြီးမားမား ပြန်ပေးဆပ်ရမယ် ဆိုတာကို ကျေးရွာတိုင်းနဲ့ ရန်သူတိုင်း သိထားဖို့လိုတယ်လို့ အစ္စရေးစစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အကြီးအကဲ အာဗီ ဘလုသ်က ပြောပါတယ်။ 

တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူတွေ ရှိနေတဲ့ အလ်-မူဟေးယာ ကျေးရွာကို ပစ်မှတ်ထားပြီး ရရှိထားတဲ့ အကြောင်းအချက်တွေကို အသုံးချသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013