
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သံတမန်တယောက်နဲ့ ၂ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အလက်စ် ဘီလာယတ်စကီ အပါအဝင် အကျဉ်းသား ၁၂၃ ယောက်ကို လွှတ်ပေးခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက် မှာ အမေရိကန်က ကြေညာခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် အမေရိကန်က ဘယ်လာရုစ် ပိုတက်ရှ်အပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းဖို့ သဘောတူခဲ့ပါတယ်။
ပိုတက်ရှ်ဟာ ဓာတ်မြေဩဇာတွေထဲမှာ အဓိကပါဝင်ပစ္စည်းတခုဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကတော့ ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူ ဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရက ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဝါရင့် အာဏာရှင်ခေါင်းဆောင် လူကာရှန်ကိုနဲ့ အခုနှစ်မှာ စတင်ဆွေးနွေးခဲ့ပြီးနောက်ပိုင်း လူကာရှန်ကိုအတွက် အကြီးမားဆုံး အကျဉ်းသားလွှတ်ပေးမှု ဖြစ်ပါတယ်။
သဘောထားကွဲလွဲသူတွေကို နှိမ်နင်းတာနဲ့ ယူကရိန်းစစ်ပွဲကို ထောက်ခံတာတွေကြောင့် သူ့ကို အနောက်နိုင်ငံအစိုးရတွေက ရှောင်ဖယ်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိသူ ဘီလာယတ်စကီဟာ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်စား နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တယောက်ဖြစ်ပြီး သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဖြစ်လာခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ထောင်ထဲမှာ ရှိနေခဲ့တာပါ။ လူကာရှန်ကိုနဲ့ ထိတွေ့ဆက်ဆံခြင်းဟာ အနည်းဆုံးအနေနဲ့ အတိုင်းအတာတခုအထိ ပူတင်ရဲ့ ဩဇာလွှမ်းမိုးမှု ကနေ သူ့ကို ဖယ်ထုတ်ဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒီကြိုးပမ်းချက်ကို ဘယ်လာရုစ် အတိုက်အခံတွေက အခုအချိန်အထိ အစွန်းရောက် သံသယနဲ့ ရှုမြင်နေကြပါတယ်။
Source: Reuters


