
ဘယ်လာရုစ် မိုးပျံပူဖောင်းတွေနဲ့ ပတ်သက်ပြီး လစ်သူရေးနီးယား အစိုးရက နိုင်ငံတဝန်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်ဟာ စီးကရက်တွေ မှောင်ခိုတင်ပို့ဖို့ မိုးလေဝသလုပ်ငန်းသုံး မိုးပျံပူဖောင်းတွေ အသုံးပြုပြီး လစ်သူရေးနီးယားနိုင်ငံ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်တာ ဖြစ်ပါတယ်။
ဘယ်လာရုစ်နိုင်ငံရဲ့ လုပ်ရပ်ဟာ အမျိုးသားလုံခြုံရေးနဲ့ လေပိုင်နက်ကို ကျူးကျော်မှု ဖြစ်တဲ့အတွက် မိုးပျံပူဖောင်းတွေနဲ့ ပတ်သက်လို့ လစ်သူရေးနီးယား ဝန်ကြီးချုပ်က ရှုတ်ချထားပါတယ်။
ဒီတနှစ်အတွင်းမှာ မှောင်ခိုလုပ်ငန်းအတွက် မိုးပျံပူဖောင်း အလုံး ၆၀၀ လောက် အသုံးပြုခဲ့ပြီး ဒရုန်း ၂၀၀ နီးပါး လစ်သူရေးနီးယား လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် ဗယ်နီးရက် လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။
မိုးပျံပူဖောင်းတွေဟာ အမြင့် ၆ မိုင်ကနေ ပျံသန်းနိုင်ပြီး ပူဖောင်း ၁၁ လုံးမှာ စီးကရက်ဘူး ၄၀,၀၀၀ ပါဝင်ကြောင်း အာဏာပိုင်တွေက ဖော်ပြပါတယ်။
မိုးပျံပူဖောင်းတွေ့ရှိမှုကြောင့် လေဆိပ်တွေ ပိတ်ခဲ့ရပြီး ခရီးသွား ၁,၀၀၀ ကျော် ခရီးစဉ် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လာရုစ်ခေါင်းဆောင်ကတော့ ငြင်းဆိုထားပါတယ်။
EU နဲ့ NATO အဖွဲ့ဝင်ဖြစ်တဲ့ လစ်သူရေးနီးယားကတော့ ဒါဟာ နိုင်ငံရေးလှုပ်ရှားမှုတခုအဖြစ် စွပ်စွဲထားပါတယ်။
ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံ ခေါင်းဆောင်တွေဟာ ကာလရှည် ရင်းနှီးမှုရှိထားပြီး မိုးပျံပူဖောင်းတွေဟာ နိုင်ငံတည်ငြိမ်ရေးကို ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တာဖြစ်တဲ့ အထောက်အထားတွေ တွေ့တယ်လို့လည်း လစ်သူရေးနီးယားသမ္မတက ပြောပါတယ်။
ဥရောပနိုင်ငံတွေဟာ ရုရှားရဲ့ ကျူးကျော်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဥရောပနိုင်ငံ လေပိုင်နက်ထဲကို ဒရုန်းတွေ၊ မိုးပျံပူဖောင်းတွေ ဝင်ရောက်တာနဲ့ ပတ်သက်လို့ EU က ရှုတ်ချထားပါတယ်။
ပြီးခဲ့တဲ့လကလည်း NATO စစ်ရေးအကြီးအကဲက ရုရှားရဲ့ လေကြောင်းကျူးကျော်မှုတွေကို တုံ့ပြန်ဖို့ စဉ်းစားထားတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။
လစ်သူရေးနီးယားဟာ ဘယ်လာရုစ်ရဲ့ ရန်စမှုကို လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ကြုံတွေ့ခဲ့ဖူးပြီး အောက်တိုဘာလကုန်တုန်းကလည်း ၃ ပတ်ကြာ နယ်စပ်ပိတ်ထားမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
Source: Reuters


