Home
မြန်မာသတင်း
မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုအန္တရာယ်အမြင့်ဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်
DVB
·
December 13, 2025

မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုအန္တရာယ်အမြင့်ဆုံး နံပါတ် ၁ နိုင်ငံအဖြစ် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ရဲ့ ၂၀၂၅ အတွက် အညွန်းကိန်းထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။ 

ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာ ထွက်ပေါ်လာတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ရဲ့ Basel AML Index 2025 မှာ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုအန္တရာယ်အမြင့်ဆုံး နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားတာပါ။ 

Basel Institute on Governance က နှစ်စဉ်ထုတ်ပြန်တဲ့ အညွှန်းကိန်းတွေကို ကိုးကားပြီး နိုင်ငံတကာဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေက ရှေ့ဆက်မယ့်မူဝါဒလမ်းစဉ်ကို စဉ်းစားဆုံးဖြတ်လေ့ရှိတာဖြစ်ပါတယ်။ 

ဘာဆယ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အညွှန်းကိန်းဟာ ကမ္ဘာ့နိုင်ငံတွေမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အန္တရာယ်ဘယ်လောက်အထိရှိတယ်ဆိုတာကို တိုင်းတာတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့မှ ခင်သီရိနန္ဒာစိုး က “ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်ဖို့အတွက် သူတို့အညွှန်းကိန်းတွေ ဒေတာတွေ ထွက်လာတယ်ဆိုတဲ့နေရာမှာ မြန်မာပြည်က အဆိုးရွားဆုံးနံပါတ် ၁ နေရာမှာဖြစ်တယ်ပေါ့ ဒီနှစ်က။ နိုင်ငံတကာဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရတွေ မပတ်သက်တော့တဲ့အတွက် စစ်အုပ်စုအနေနဲ့ တော်တော်လေးကို အကျပ်အတည်းဖြစ်လာနိုင်တယ်။ ပြီးရင် ဒီအဖွဲ့အစည်းတွေက အဲ့ဒီလို ဒေတာထုတ်ရုံတင်ထုတ်တာမဟုတ်ဘူး၊ ဒါတွေကို ပပျောက်အောင်လည်း လုပ်တာဖြစ်တယ်။ သူတို့မှာ Task Force တွေ၊ Training တွေရှိတယ်၊ ကိုင်တွယ်ဖြေရှင်းပြီးတော့ ဒါတွေပပျောက်အောင်လို့ တခြား State Holder တွေပါ ပူးပေါင်းဆောင်ရွက်ပြီးမှ လုပ်တာမျိုးတွေရှိတဲ့အတွက်ကြောင့် ဘဏ်လုပ်ငန်းတွေ ရပ်တန့်သွားတာမျိုး၊ နိုင်ငံတကာဘဏ်တွေနဲ့ သူတို့တွေ အဆက်အသွယ်လုပ်လို့မရတော့တာမျိုး၊ ရင်းနှီးမြှုပ်နှံမှုတွေဆိုရင်လည်း ထွက်သွားမှာပေါ့နော်၊ သူတို့ရဲ့အာဏာကိုတည်ဆောက်ထားတဲ့ လက်နက်ဝယ်တာတွေ၊ အခုပြည်သူကို ဗုံးကြဲနေတဲ့ လောင်စာဆီဝယ်တာတွေ စသဖြင့်တွေပေါ့ သူတို့မှာ အခက်အခဲတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ငွေကြေးနဲ့ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ဒုစရိုက်မှုပြဿနာတွေ အများကြီးဖြစ်နေတာ၊ ယုံကြည်ရတဲ့ ဥပဒေစိုးမိုးရေးမရှိတာ စတဲ့အချက်တွေကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံး နံပါတ် ၁ နိုင်ငံအဖြစ် Basel အညွှန်းကိန်းမှာ ဖော်ပြခဲ့တာပါ။ 

ဒီအညွှန်းကိန်းရလဒ်ကြောင့် နိုင်ငံတကာက ပြည်တွင်းမှာ အာဏာသိမ်းထားတဲ့ စစ်အုပ်စုနဲ့ဆက်ဆံဖို့ တွန့်ဆုတ်သွားဖွယ်ရှိနေပြီး စစ်အုပ်စုရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေး အားထုတ်မှုဟာလည်း ပိုခက်ခဲတဲ့လမ်းကြောင်းပေါ် ရောက်လာတာပါ။ 

စစ်ကောင်စီကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။ 

ဒီလုပ်ရပ်ဟာ အမေရိကန်အစိုးရနဲ့လွှတ်တော်က ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွဲဖို့ ဖိအားပေးလာတဲ့အပေါ် စစ်ကောင်စီက ပြန်လည်လှည့်ဖြားဖို့ကြိုးစားတာသာဖြစ်တယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေ က “အခုစစ်တပ်က ကျားဖြန့်ကို နှိမ်နင်းတယ်ဆိုပြီးတော့ အယောင်ပြနေတာ ယိုးဒယားတို့ဘာတို့ကလည်း သူတို့ကို နည်းနည်းကူပြီးတော့ ပြောပေးဆိုပေးတာတွေ ရှိမယ်ထင်တယ်၊ ယိုးဒယားစစ်တပ်တို့ ဘာတို့က။ ပေါ်ပေါ်ထင်ထင်ကြီး ဒီကလူတွေကို ညာမှရမှာ။ ဗြောင်လိမ်ပြီးတော့ ဒီက သူတို့လိမ်တာကို ကူပေးမယ့် အလားအလာရှိကောင်းရှိမယ်။ ဒါပေမဲ့ တကယ်တမ်းက မလွယ်ဘူး။ ပြီးတော့ ဒီကသတင်းတွေ ဘာတွေမှာကလည်း တော်တော်များများက ပေါ်ပေါ်တင်တင်ဖြစ်နေပြီဆိုတော့  ကွန်းဂရက်စ်လွှတ်တော်ကလည်း သူတို့ဒါတွေအကုန်သိတယ်။ သူတို့လုပ်ရင်တောင်မှ တော်တော်ခက်ခက်ခဲခဲ လုပ်ရမယ်ဆိုတော့ သူတို့အတွက်က ဘာမှသိပ်အကျိုးရှိမှာမဟုတ်တော့ တကယ်တမ်းကမလွယ်ဘူး၊ အဲ့ဒီလိုတွက်ရတာပဲလေ” လို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်း အားပေးနေတဲ့ နိုင်ငံတွေစာရင်းကို အမေရိကန်အစိုးရက ထုတ်ပြန်ဖို့ တိုက်တွန်းထားတဲ့အချက်ပါဝင်တဲ့  ကျားဖြန့်စခန်းများအတွက် တာဝန်ခံမှုရှိစေရေး နဲ့ စုပေါင်းလှုပ်ရှားမှု အက်ဥပဒေ မူကြမ်းနဲ့ နိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေးအက်ဥပဒေတို့ကို အမေရိကန်လွှတ်တော် ၂ ရပ်မှာ ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်အမတ်တွေက အားထုတ်နေတာပါ။ 

စစ်ကောင်စီကို ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက အဆက်အဆံမလုပ်ဖို့ ဖိအားပေးတဲ့ ဥပဒေကြမ်း No New Burma Funds Act ကိုလည်း ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့တာကြောင့် အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားပေးတာတွေကို စစ်ကောင်စီက ဆက်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013