
ရန်ကုန်မြို့မှာ ဖွင့်ထားတဲ့ ဒိန်းမတ်သံရုံးကို လာမယ့် ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ ပိတ်တော့မယ်လို့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ လျော့ကျလာခဲ့ပြီး လတ်တလောမှာ ပြောင်းလဲနိုင်မဲ့ အခြေအနေတွေ မတွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။
သံရုံးအတွက် အသုံးပြုခဲ့တဲ့အရင်းအမြစ်တွေကို ဒိန်းမတ်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးဆိုင်ရာအကျိုးအမြတ်ရှိနိုင်မယ့်နေရာတွေမှာ အသုံးပြုသွားမယ်လို့ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး Lars Løkke Rasmussen က အသိပေးထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးက "ကမ္ဘာကြီးဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ဒါက စိန်ခေါ်မှုအသစ်တွေနဲ့ ကျနော်တို့ကို ပေးစွမ်းနိုင်မယ့် အခွင့်အလမ်းကောင်းတွေလည်း ပါဝင်ပါတယ်။ အရေးကြီးတဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေမှာ ရှိနေတဲ့ ခိုင်မာပြီး ခေတ်မီတဲ့ နိုင်ငံခြားဝန်ဆောင်မှုတွေ ရှိထားဖို့ လိုအပ်ပါတယ်၊ အဲဒီလမ်းကြောင်းကို လျှောက်လှမ်းနေပါပြီ" လို့ ထုတ်ပြန်ချက်ကတဆင့် ပြောပါတယ်။
ဒိန်းမတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အကူညီပေးခဲ့တဲ့ နိုင်ငံတခုဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လာမယ့် ၂၀၂၆ ခုနှစ်အတွင်း အာဂျင်တီးနားနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတို့မှာ သံရုံးအသစ်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က သံရုံးမှာ ကောင်စစ်ဝန်ချုပ်အဖြစ် အဆင့်မြှင့်တင်မှာဖြစ်သလို အာရှအလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ကို ခန့်အပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း မြန်မာကနေ သံရုံးပိတ်သိမ်းမယ့်အကြောင်း ကြေညာတဲ့အထဲ ဒိန်းမတ်ဟာ ဒုတိယမြောက် နိုင်ငံလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့တုန်းက ဖင်လန်သံရုံးကို လာမယ့် ၂၀၂၆ မှာ ပိတ်သိမ်းသွားမယ်ဆိုပြီး ကြေညာထားပါတယ်။


