
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ယူကေအစိုးရက ထုတ်ပြန်လိုက်ပြီး အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာနေသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေတယ်လို့ နိုဝင်ဘာ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အရေးဆွေးနွေးတဲ့ တတိယမြောက် ကုလသမဂ္ဂ အထူးကော်မတီ အစည်းအဝေးမှာ ယူကေနိုင်ငံရဲ့ အကြီးတန်း လူ့အခွင့်အရေးဆိုင်ရာအရာရှိ ချားလ်စ်ကမ့်က ခုလို ပြောလိုက်တာဖြစ်ပြီး စစ်အုပ်စုက အရပ်သားတွေကို ပစ်မှတ်ထားပြီး ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုလည်း ရှုတ်ချလိုက်ပါတယ်။
ဒီလုပ်ရပ်တွေကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာထောက်ပံ့ကူညီရေး အဖွဲ့တွေကို စနစ်တကျ ပိတ်ဆို့ထားတာကြောင့် အသက်ကယ်ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး လူဦးရေ ၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီအခြေအနေဟာ ဒေသတွင်း ရခိုင်၊ ရိုဟင်ဂျာနဲ့ တခြားသော တိုင်းရင်းသားလူနည်းစုတွေ အပါအဝင် ရခိုင်ပြည်နယ်တဝန်း လူမှုအသိုင်းအဝိုင်းအားလုံးကို ထိခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခုလိုအခြေအနေကို ပြောင်းလဲနိုင်ဖို့ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးမှုနဲ့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ဖို့က အလွန်အရေးကြီးတယ်လို့ ဖော်ပြထားသလို စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးမှုတွေ ရှိသင့်တယ်လို့လည်း ဆိုပါတယ်။
ယူကေနိုင်ငံအနေနဲ့ မြန်မာ့ပဋိပက္ခနဲ့ အကျပ်အတည်းကို ဖြေရှင်းရှာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ထောက်ခံသွားမှာ ဖြစ်သလို အာဆီယံနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေနဲ့အတူ ဆက်လက်ပြီးတော့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


