
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ရှိ သံလွင်မြစ်ရေဟာ အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်ပမာဏဟာ ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော် ပိုများနေလို့ ထိုင်းအာဏာပိုင်တွေက သံလွင်မြစ်ရေ သုံးစွဲတာနဲ့ မြစ်ငါးစားသုံးတာတွေ တားမြစ်ခဲ့ပါတယ်။
သံလွင်မြစ်ဟာ မြန်မာနိုင်ငံရဲ့ ရှမ်း၊ ကရင်နီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံ သုတေသနဌာနရဲ့ အစောပိုင်း လေ့လာချက်အရ သံလွင်မြစ်ရေဟာ အာဆင်းနစ် အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှု အဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေတယ်လို့ သိရှိရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက တိုင်းတာစစ်ဆေးမှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ဒီလို တိုင်းတာစစ်ဆေးမှုတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းက မြေရှားနဲ့ ရွှေမိုင်းတွင်း သတ္တုလုပ်ကွက်တွေကြောင့် ချင်းရိုင်ခရိုင်၊ နမ့်ခုတ်မြစ်နဲ့ မယ်ဆိုင်ချောင်းတွေမှာ အာဆင်းနစ် အဆိပ်သင့်မှုတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံထဲကို စီးဝင်နေတဲ့ သံလွင်မြစ်နဲ့ သောင်ရင်းမြစ် ဆုံရာနေရာကို ချင်းမိုင်တက္ကသိုလ်က ဦးဆောင်ပြီး စစ်ဆေးခဲ့တာလို့ မြစ်ချောင်းအရေး ကာကွယ်စောင့်ကြည့်သူတွေက ဆိုပါတယ်။
ဒီလို စစ်ဆေးတွေ့ရှိချက်ကြောင့် ထိုင်းသဘာဝရင်းမြစ်များနှင့် သဘာ၀ပတ်ဝန်းကျင်ဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်က သံလွင်မြစ်ရေ အဆိပ်သင့်နေမှုကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။
ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းတလျှောက် ဒေသတွေက ထိုင်းပြည်သူလူထုကိုလည်း သံလွင်မြစ်ရေတွေကို တိုက်ရိုက်ထိတွေ့တာ မလုပ်ဆောင်ကြဖို့နဲ့ မြစ်ငါး စားသုံးတာ မပြုလုပ်ဖို့ သတိပေးချက်လည်း ထုတ်ပြန်ခဲ့ပါတယ်။
သံလွင်မြစ်ဟာ မြန်မာနိုင်ငံရဲ့ ရှမ်း၊ ကရင်နီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေပြီး မြန်မာနိုင်ငံမှာလည်း သံလွင်မြစ်ကို အမှီပြု နေထိုင်သူတွေ ရှိကြပါတယ်။
ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ကတော့ သံလွင်မြစ်ဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဒီပြဿနာကို ထည့်သွင်းစဉ်းစားသင့်ပြီလို့ ဆိုပါတယ်။
ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူတယောက်ဖြစ်တဲ့ စောဝါးအယ်ထူး ကတော့ သံလွင်မြစ် အဆိပ်သင့်တာဟာ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။
“ဒီ သတ္တုတူးတဲ့ကိစ္စ၊ Rare Earth ကြောင့်လို့ သူများတွေကတော့ ထောက်ပြကြတယ်ပေါ့နော်။ ဒါပေမဲ့ ခုနကပြောသလို သေသေချာချာတော့ သုတေသနပြုဖို့ လိုတယ်။ နောက်တခုကျတော့ ဒီသံလွင်မြစ်ဘေးမှာ တချို့ တနိုင်တပိုင် ရွှေတူးတဲ့ကိစ္စတွေ ရှိတယ်။ ဒီဟာကနေပြီးတော့မှာလည်း ရွှေရှာတဲ့အခါမှာ သုံးတဲ့ မာကျူရီတို့ စသဖြင့် ဒီကနေ ထွက်လာတဲ့ အညစ်ကြေးတွေကလည်း အာဆင်းနစ်ဓာတ်ကို ပိုပြီးတော့မှ များစေတယ်လို့ ကျနော် ထင်တယ်။ အဓိကကတော့ သတ္တုတူးတဲ့ ကိစ္စတွေ၊ တပိုင်တနိုင် ရွှေတူးတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ သစ်တောပြုန်းမယ့်ကိစ္စတွေ၊ စသဖြင့် ဒါမျိုးတွေပေါ့နော်။ ဒါမျိုးတွေကြောင့် ဒီသံလွင်မြစ်ပေါ်မှာ သက်ရောက်မှု ရှိလာတယ်ပေါ့နော်။”
အာဆင်းနစ် အဆိပ်သင့်မှုဟာ ချက်ချင်းကြီး ရောဂါလက္ခဏာ ပြသမှုမရှိဘဲ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်မှု အနည်းအများအပေါ် မူတည်ပြီး ၅ နှစ်ကနေ ၁၅ နှစ်အထိ ကြာမှသာ ရောဂါလက္ခဏာ ပြတတ်တာလည်း ဖြစ်ပါတယ်။
အာဆင်းနစ် အဆိပ်သင့်ရင် အရေပြားပြဿနာတွေ ဖြစ်တတ်ပြီး ဆီးအိမ်၊ ကျောက်ကပ်၊ အဆုတ် ကင်ဆာနဲ့ သွေးကြောရောဂါတွေလည်း ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်ဘေးက ကျေးရွာတခုမှာ နေထိုင်လာခဲ့တဲ့ အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတယောက်က သံလွင်မြစ်ထဲက ရာသီပေါ်ကျွန်းတွေ၊ မြေနုကျွန်းတွေမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်နေသူ ဖြစ်ပါတယ်။
သူဟာ ငယ်စဉ်ကတည်းက သံလွင်မြစ်ပေါ်မှာ မှီခိုပြီး နေထိုင်လာတာဖြစ်သလို မြစ်ရေချိုး၊ မြစ်ရေသောက်ပြီး ကြီးပြင်းလာတာလို့ ဆိုပါတယ်။
စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သလို မြစ်ထဲမှာ ငါးဖမ်းတာ၊ မြစ်ထဲမျောလာတဲ့ ထင်းတွေ သစ်တုံးတွေ ဆယ်ပြီး ထင်းအဖြစ် ရောင်းချတာတွေနဲ့ တဖက်တလမ်းက ဝင်ငွေရတယ်လို့လည်း ဆိုပါတယ်။
အဆိပ်သင့်မှုတွေ ရှိနေရင်တောင် မိသားစုစားဝတ်နေရေးအတွက် သံလွင်မြစ်နဲ့ ကင်းလို့ မရဘူးလို့လည်း ဆိုပါတယ်။
“သံလွင်မြစ်ရေ ညစ်ညမ်းလာတာတွေတော့ ကျနော်တို့ သိပ်မကြားမိဘူး။ အရင်ကတည်းက ရေကလည်း ဒီအရောင်ပဲလေ။ နွေရာသီဆိုရင်တော့ ရေက ကြည်တယ်။ ဟိုနေ့ကတော့ လိုင်းပေါ်မှာ သံလွင်မြစ်ရေ ညစ်ညမ်းလာတယ် ဆိုတာတော့ တွေ့လိုက်တယ်။ မြစ်အပေါ်ပိုင်းမှာ ရွှေကျင်တာတွေ၊ ရွှေတူးတာတွေ လုပ်တယ်လို့တော့ သိရတယ်။ ကျနော်တို့က မြစ်အောက်ပိုင်းမှာဆိုတော့ အပေါ်ပိုင်းကလုပ်တဲ့ လူတွေရဲ့ ဒဏ်ကို ခံရမှာပေါ့။ မြစ်ရေကို မချိုးဖို့၊ မသောက်ဖို့၊ ငါးမစားဖို့ သတိပေးထားတယ်လို့တော့ ပြောတယ်။ အဲဒါတွေ မလုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးကျတော့ မလုပ်ရင် ကျနော်တို့ ဘာနဲ့သွားစားမလဲ။ လောလောဆယ်တော့ လုပ်ရမှာပဲလေ အခြေအနေအရ။ ကျန်းမာရေးထိခိုက်တယ် ဆိုလည်း ထိခိုက်မှာပေါ့၊ သံလွင်မြစ်နဲ့ ကျနော့်ရဲ့ အလုပ်အကိုင်နဲ့က ကင်းလို့မှမရတာ။”
ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ကတော့ အခုလို မြစ်ရဲ့ ရေအရည်အသွေး ဆန်းစစ်တာကို ထိုင်းက ဦးဆောင်ပြီး လုပ်ခဲ့တာကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
သံလွင်မြစ်ရေ ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး လူထုကို အသိပညာပေးကိစ္စတွေ၊ သတ္တုတူးဖော်တဲ့ ကိစ္စတွေကို အရေးယူဖို့ တောင်းဆိုမှု စတာတွေကို ပူးပေါင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့မှ စောဝါးအယ်ထူးက “ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံ ကရင်လူထုတွေပေါ့။ ဒေသခံ ကရင်လူထုတွေလို့ ပြောတဲ့အခါမှာ ကျနော်တို့ မြန်မာဘက်ခြမ်းမှာရှိတဲ့ ကရင်ပြည်နယ်မှာရှိတဲ့ လူထုတွေ ပါမယ်။ ပြီးတဲ့အခါကျတော့ ထိုင်းဘက်မှာ သံလွင်မြစ်ဘေးမှာ နေထိုင်တဲ့ လူထုတွေရှိမယ်။ ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေ မြစ်ချောင်းအရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ စသဖြင့် ဒီလိုမျိုး လူထုနဲ့ ပေါင်းပြီးတော့မှ ဒီ အသိပညာပေးတဲ့ဟာမျိုးတွေ၊ ကျနော်တို့ ပိုပြီးတော့မှ လုပ်ဆောင်ဖို့ လိုမယ်ပေါ့။ နောက်တခုကျတော့ ကျနော်တို့ အောက်ခြေမှာပဲ ခုနက လူထုတွေနဲ့ပူးပေါင်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ နိုင်ငံတကာကို သံလွင်မြစ်နဲ့ ပတ်သက်ပြီးတော့မှ ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီးတော့မှ ဒီသတ္တုတူးဖော်တဲ့ ကိစ္စတွေကို အရေးယူပေးဖို့ စသဖြင့် ဒီလိုမျိုးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ဥပမာအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ နိုင်ငံတကာ မြစ်ချောင်းအရေး လုပ်ဆောင်နေတဲ့သူတွေကို ကျနော်တို့အနေနဲ့ တောင်းဆိုဖို့လိုမယ်။ လုပ်ဖို့လည်း ရှိပါတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက သံလွင်မြစ်ရေနမူနာတွေနဲ့ ငါးနမူနာတွေကို ပြန်လည်စစ်ဆေးနေပြီး ၇ ရက်အတွင်း ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာသတ္တုတွင်းတွေကြောင့် သံလွင်မြစ်နဲ့ မဲခေါင်မြစ်တွေ မြစ်ရေညစ်ညမ်းမှုအပေါ် နှစ်နိုင်ငံ အစိုးရချင်း အရေးတကြီး အရေးယူဆောင်ရွက်သင့်ပြီလို့လည်း ဘန်ကောက် သမ်မာဆက်တက္ကသိုလ်၊ သဘာဝအရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေရေးရာဌာနမှ တွဲဖက်ပါမောက္ခကလည်း တိုက်တွန်းထားပါသေးတယ်။
မြတ်သဇင်


