နှစ်ကာလပေါင်းများစွာ ဖိနှိပ်မှုတွေကြားက လွတ်လပ်တဲ့ မြန်မာ့သတင်းမီဒီယာတွေ ဆက်လက်ရပ်တည်နိုင်ရေးနဲ့ သတင်းလွတ်လပ်ခွင့်တွေအတွက် ပြုလုပ်နေတဲ့ ကမ်ပိန်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနဲ့အတူ တော်လှန်အနုပညာရှင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေ အသီးသီး ပါဝင်နေကြပါတယ်။
လတ်တလောမှာတော့ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲနဲ့ ဆက်လက် အာဏာတည်မြဲဖို့ ကြိုးစားပြီး သတင်းမီဒီယာသမားတွေကို ဖိနှိပ်နေချိန်မှာ သတင်းလွတ်လပ်ခွင့် ရရှိနိုင်ရေး ကမ်ပိန်းမှာ တော်လှန်အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ ဖြစ်ကြတဲ့ သရုပ်ဆောင် မင်းသား အကယ်ဒမီ မင်းမော်ကွန်း၊ သရုပ်ဆောင် ခါရာ၊ အလှမယ် ထားထက်ထက်၊ တက်ကြွလှုပ်ရှားသူ မရွှေမိုး(ကိုရီးယား)၊ ဒေါက်တာမီမီဝင်းဘတ်တို့ကလည်း တက်တက်ကြွကြွ ပါဝင်နေကြတာကို တွေ့ရပါတယ်။
အကယ်ဒမီ သရုပ်ဆောင်မင်းမော်ကွန်းက “လွတ်လပ်တဲ့မီဒီယာတွေ မရှိတော့ရင် မြန်မာပြည်ဟာ အမှောင်ထဲလုံးလုံး ရောက်သွားပါလိမ့်မယ်။ သတင်းလိမ်တွေ၊ ဝါဒဖြန့်သတင်းတွေရဲ့ အောက်မှာ အမှန်တရားက ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီတော့ သတင်းသမားတွေကို ကူညီကြပါ။ လွတ်လပ်တဲ့ မီဒီယာတွေကို ကူညီကြပါ”လို့ ပြောပါတယ်။
အလှမယ်ဟောင်း ထားထက်ထက်ကတော့ “လွတ်လပ်တဲ့မီဒီယာတွေရဲ့ အသံတွေ တိတ်ဆိတ်မသွားအောင် ကူညီကြပါ။ သူတို့တွေရဲ့ သတင်းတပုဒ်စီဟာ အမှောင်ထဲက အလင်းလေး တပွင့်ပါ။ အဲဒီအလင်းလေးတွေ ဆက်လက်ပြီး တည်ရှိနေအောင် သူတို့ကို ကူညီကြပါ”လို့ ပြောပါတယ်။
သရုပ်ဆောင်မင်းသား ခါရာကလည်း “လွတ်လပ်တဲ့မီဒီယာတွေကို ကျနော်တို့ အားပေးထောက်ခံဖို့ လိုအပ်ပါတယ် ခင်ဗျာ။ Support မလုပ်ဘူးဆိုရင် ဝါဒဖြန့်ချိရေး အလိမ်အညာတွေရဲ့ အောက်မှာပဲ ကျနော်တို့တွေက လမ်းပျောက်သွားနိုင်တယ်။ အဲဒီတော့ တကယ်အမှန်တရားကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို Support လုပ်မှ ကျနော်တို့ လိုချင်တဲ့ အမှန်တရားက တကမ္ဘာလုံးကို ပျံ့နှံ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒါတော့ အရမ်းကိုအရေးကြီးပါတယ်။ ကျနော်တို့ရဲ့ စစ်မှန်တဲ့အသံတွေကို နိုင်ငံတကာကို သိဖို့ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ သိဖို့အတွက် လွတ်လပ်တဲ့ မီဒီယာတွေ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
လွတ်လပ်တဲ့ မီဒီယာတွေကို ကူညီခြင်းဟာ အမှန်တရားကို ကာကွယ်ခြင်းပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းကလည်း ပြောပါတယ်။
“လွတ်လပ်တဲ့မီဒီယာတွေ မရှိတော့ရင် မြန်မာပြည်ဟာ အမှောင်ထဲလုံး လုံး ရောက်သွားပါလိမ့်မယ်။ အမှန်တရားဟာ သတင်းလိမ်တွေ၊ ဝါဒဖြန့်သတင်းတွေရဲ့ ဖုံးလွှမ်းမှုမှာ ပျောက်သွားလိမ့်မယ်။ အမှန်တရားကို ပြောပြနိုင်ဖို့ အရာရာကို ရင်းနှီးထားရတဲ့ သတင်းထောက်တွေကို ကူညီကြရအောင်။ လွတ်လပ်တဲ့ မီဒီယာတွေကို ကူညီခြင်းဟာ ကျနော်တို့ကိုယ်တိုင် အမှန်တရားကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကတော့ အကြောက်တရားနဲ့ သတင်းအမှားတွေကို ဖြန့်နေပါတယ်။ ဒါပေမဲ့ အမှန်တရားကတော့ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူ ပါဝင်ပါ။ နှုတ်ပိတ်မခံဘဲ အမှန်တရားကို ဆက်ပြောနေတဲ့ မီဒီယာတွေကို ကူညီပါ။ ဒါဟာ သင့်ရဲ့ မီဒီယာပဲ ဖြစ်သလို သင်ကိုယ်တိုင်ကလည်း မီဒီယာပါပဲ။”
မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးမှုက အဆိုးဆုံးအခြေအနေမှာ ရောက်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ တရုတ်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတွေက သတင်းထောက်တွေကို စံချိန်တင် ဖမ်းဆီးထောင်ချမှု အများဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံစာရင်းထဲ ပါဝင်နေပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တကမ္ဘာလုံးမှာ အနည်းဆုံး သတင်းသမား ၃၆၁ ယောက် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အမှန်တရားနဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာ ရပ်ဖို့ တောင်းဆိုထားသလို သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာမဟုတ်ဘဲ လိုအပ်ချက်တခု ဖြစ်တယ်လို့ ပြောထားသလို သတင်းလွတ်လပ်ခွင့်နဲ့ ကမ္ဘာတဝန်းက သတင်းထောက်တွေ၊ သတင်းမီဒီယာအလုပ် လုပ်နေကြသူတွေကို ကာကွယ်ပေးရမယ့် သန္နိဋ္ဌာန် ထပ်မံခိုင်မာအောင် ပါဝင်အကာအကွယ်ပေးဖို့ အစိုးရတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ လူထုအခြေပြုအဖွဲ့တွေကို တောင်းဆိုထားတာပါ။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်အားကောင်း ခိုင်မာစေရေး အားပေးထောက်ခံသွားမယ်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ သဘောထား ရပ်တည်ချက်တရပ်ကို ထုတ်ပြန်ကြေညာထားပါတယ်။
ခါရာ
ထားထက်ထက်
မင်းမော်ကွန်း
ကိုထိန်လင်း (Kim Aris)
မရွှေမိုး ကိုရီးယား
ဒေါက်တာ မီမီဝင်းဘတ်




