
ရခိုင်ပြည်နယ်၊ မြောက်ဦး ဆေးရုံကို ဗုံးကြဲတာဟာ တော်လှန်ရေးတပ်တွေရှိနေလို့ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရရှိ သူတွေဟာလည်း ပြည်သူတွေမဟုတ်ဘူးလို့ စစ်ကောင်စီတပ်က ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
မြောက်ဦးဆေးရုံကို ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် ‘တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့’က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး အဲဒီဆေးရုံကို ၂၀၂၄ ခုနှစ်မှာ ပိတ်သိမ်းထားပြီးပြီလို့လည်း ဆိုပါတယ်။
အဲဒီနေရာကို AA နဲ့ ဒေသခံ PDF၊ BPLA၊ အရှိုချင်း စတဲ့အဖွဲ့တွေက စစ်စခန်းအဖြစ်သုံးနေတဲ့အပြင် အဖွဲ့တွေရဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စတွေလည်းလုပ်နေပြီး အုပ်ချုပ်မှုကိစ္စရပ်တွေလုပ်ဖို့ AA ရဲ့ ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်တွေကို တာဝန်ပေးထားတယ်ဆိုတာ သတင်းပေးပို့မှုအရ သိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆေးရုံကို တိုက်ခိုက်တာဟာ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး ဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖြန့်ဝေနေတဲ့ ဓာတ်ပုံအထောက်အထားတွေ ဖြစ်စဉ်မှာ သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘူးလို့လည်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်အရ ဆေးရုံအပေါ်ဗုံးကြဲတာကို ဝန်ခံထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင် တခြားသူတွေရှိနေတာကိုလည်း ဝန်ခံထားပါတယ်။
ဆေးရုံမှာ AA က တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ အမာခံတွေဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပြီး လိုအပ်တဲ့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဒေသခံတွေကတော့ အဲဒီဆေးရုံမှာ ရခိုင်ပြည်နယ်အတွင်းက ဒေသခံလူနာတွေ တက်ရောက်ကုသနေကြတယ်လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မွတ်စလင်မိသားစုတွေလည်းပါဝင်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်ညမှာ မြောက်ဦးဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ဆေးရုံတက်ကုသနေရသူတွေ၊ လူနာစောင့်တွေနဲ့ ဝန်ထမ်းတွေအပါအဝင် ၃၄ ယောက်သေဆုံးပြီး ၈၀ လောက် ဒဏ်ရာရခဲ့သလို မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တို့ကို နောက်နေ့တွေမှာ ဆက်တိုက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကရှုတ်ချလိုက်ပါတယ်။
ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်ခ်က"ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အပါအဝင် ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ အရပ်သားတွေကို လေးစားပြီး ကာကွယ်ရပါမယ်။ ကုလသမဂ္ဂက ဒီတိုက်ခိုက်မှုကို ရှုတ်ချပါတယ်” လို့ ပြောပါတယ်။


