
ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တို့ကို စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်ညနဲ့ ၁၃ ရက်မနက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
မြောက်ဦးမြို့နယ် ရဲတပ်ရင်း ၃၁ ဝန်းကျင်၊ ရသေ့တောင်မြို့နယ် အငူမော်နဲ့ မူစကျွန်းဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာနဲ့ ဝါးဘိုရွာဝန်းကျင်နဲ့ ပေါက်တောမြို့နယ် သဲခုံရွာပတ်ဝန်ကျင်တွေကို ဒီဇင်ဘာ ၁၂ ရက် ညက စစ်တပ်က တိုက်လေယာဉ်သုံးပြီး ဆင့်ကွဲပေါက်တဲ့ ကလပ်စတာဗုံးတွေကြဲပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၁၃ ရက်မနက်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာနဲ့ ရေပိုက်ဆုံရွာတွေကို ဗုံးကြဲခဲ့ပြီး ဒဏ်ရာရ သေဆုံးတဲ့စာရင်းကိုတော့ မသိရသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေဟာ ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအပြီး စစ်တပ်က ရခိုင်ပြည်နယ်ကို ၄ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့လို့ ၃၃ ယောက်သေဆုံးပြီး ၈၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ နောက်နေ့မှာတော့ ဒဏ်ရာရသူ တယောက် ထပ်ပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်ကိုဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ၈ ယောက်သေဆုံးခဲ့ရပါသေးတယ်။


