
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကံပေါက်တာရွာကို စစ်ကောင်စီလေတပ်က ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ကလေး ၂ ယောက် ဒဏ်ရာရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ ဆီက သိရပါတယ်။
တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးနဲ့ ကောလင်းမြို့နယ် အရှေ့ခြမ်း ကံပေါက် တာရွာကို စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်တာဖြစ်ပြီး နေအိမ်တလုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင်တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူတယောက်က “တိုက်ပွဲတွေ၊ စစ်ရေး လှုပ်ရှားတာတွေ မရှိဘူးဗျ။ ဒီအတိုင်းလာကြဲသွားတာ ရွာထဲကို။ နေအိမ်တလုံးတော့ ပျက်စီးတယ်။ မိသားစုဝင် ၃ ဦးမှာ မိခင် သေဆုံးတယ်” လို့ DVB ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ ကံပေါက်တာရွာကို ည ၉ နာရီခွဲဝန်းကျင်မှာ ၂ ကြိမ်ကြဲချတိုက် ခိုက်တာဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်သီသီစိုး (၂၅ နှစ်) သေဆုံးပြီး ၆ နှစ်အရွယ် သမီးနဲ့ ၃ လအရွယ် သားဖြစ်သူတို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းထဲ ဗုံးဆက်တိုက်ကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃၄ ယောက် သေဆုံးသလို ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီဝန်းကျင်မှာလည်း ကျောက်ဖြူမြို့နယ် ငလုံးစုကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။


