
ယူကရိန်းက ဒွန်ညက်စ်ဒေသအရှေ့ပိုင်းကနေ ဆုတ်ခွာပေးပြီးတော့ လက်ရှိ ယူကရိန်း ထိန်းချုပ်ထားတဲ့ နေရာတွေမှာ "အထူးစီးပွားရေးဇုန်" ဖန်တီးပေးမယ်လို့ အမေရိကန်က အဆိုပြုထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပြောပါတယ်။
အဲဒီနယ်မြေကိစ္စနဲ့ ဇာပိုရီးရှား နျူကလီးယားစက်ရုံထိန်းချုပ်ရေးဟာ ယူကရိန်းငြိမ်းချမ်းရေး အဆိုပြုချက်မှာ မဖြေရှင်းနိုင်သေးတဲ့ အဓိက ပြဿနာ ၂ ရပ် ဖြစ်နေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
"နောက်ဆုံးမိုင်က အခက်ခဲဆုံးဖြစ်ပြီး အကြောင်းကြောင်းကြောင့် အရာအားလုံး ပျက်စီး သွားနိုင်ပါတယ်" လို့ ဇလန်းစကီးက ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားက ဒွန်ညက်စ်ဒေသ ၃၀ ရာခိုင်နှုန်းကို လက်လွှတ်ဖို့ တောင်းဆိုနေပေမဲ့၊ ယူကရိန်းဘက်ကတော့ ဒါကို လက်မခံဘဲ ငြင်းဆန်ထားပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာပေးရမယ်ဆိုရင် ရုရှားဘက်ကလည်း အလားတူ အကွာအဝေး တခု အထိ ဆုတ်ခွာပေးဖို့ လိုအပ်မယ်လို့ သမ္မတက ထောက်ပြပါတယ်။
"အရပ်သားအယောင်ဆောင်ပြီး ဝင်ရောက်လာတာမျိုးတွေ၊ ရှေ့တိုးလာတာမျိုးတွေကို ဘယ်အရာ က တားဆီးပေးနိုင်မှာလဲ" လို့လည်း ဇလန်းစကီးက မေးခွန်းထုတ်ခဲ့ပါတယ်။
ဥရောပရဲ့အကြီးဆုံး ဇာပိုရီးရှားနျူကလီးယားစက်ရုံကိစ္စမှာတော့ ရုရှားတပ်တွေ ဆုတ်ခွာပြီး အမေရိကန်နဲ့ ယူကရိန်း ပူးတွဲထိန်းချုပ်ဖို့ အဆိုပြုထားပေမဲ့ ရုရှားက သဘောတူဖို့ မသေချာပါဘူး။
အမေရိကန်ဘက်က ယူကရိန်းကို နေတိုးအဖွဲ့ဝင် မဖြစ်စေချင်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောထား သလို၊ လုံခြုံရေးအာမခံချက် မူကြမ်းကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
Source:Reuters


