
တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ တနင်္သာရီဘက်ကို မောင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ရမ်းဖိုရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီရဲ့ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ ရိက္ခာပါလာတဲ့ စစ်ကား ၇ စီးကို မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရှိ ရဲဘော်တွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်တယ်။ စကစဘက်က ထိခိုက်မှု ကြီးကြီးမားမားရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးနောက် စစ်ကား ၂ စီးကို မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းမှာ ထားခဲ့ပြီး ကျန် ၅ စီးမှာ တနင်္သာရီဘက် ရေဖြူရွာကို ဆက်လက်မောင်းနှင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိပြီး ၃၀၆ အမြောက်တပ်ရင်းမှာ ဒဏ်ရာရလူနာတွေကို သယ်ချနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
စစ်တပ်က မောတောင်မြို့ကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့အတွက် တနင်္သာရီမြို့နယ်၊ ထုံခါး-မောတောင်လမ်းပိုင်းမှာ အင်အားပြန်လည်ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


