
မက္ကဆီကိုနိုင်ငံရဲ့ ဥပဒေပြုအမတ်တွေဟာ တရုတ်ကုန်စည်အများစု ပါဝင်တဲ့ အခွန်စည်းကြပ်ရေး အစီအစဉ်အသစ်ကို ဒီဇင်ဘာ ၁၀ ရက်က အတည်ပြုလိုက်ပါတယ်။
အဲဒီနောက် အထက်လွှတ်တော်ရဲ့ ပြဋ္ဌာန်းချက်အရ ကုန်ပစ္စည်းအမျိုးအစားပေါင်း ၁,၄၀၀ နဲ့အထက် သက်ရောက်မှုရှိမှာဖြစ်ပြီး အခွန် ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားမှာပါ။
အဲဒီစီမံချက်ကို ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်ဖို့အတွက် လိုအပ်တယ်ဆိုပြီး သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းက ပြောဆိုထားပါတယ်။
၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့မှာ အခွန်စည်းကြပ်မှု စတင်မှာဖြစ်သလို ကားတွေ၊ သတ္တုပစ္စည်းတွေ၊ အဝတ်အထည်တွေနဲ့ လူသုံးကုန်ပစ္စည်းအထိ ပါဝင်လာတာလည်း တွေ့ရပါတယ်။
ဒါကြောင့် ထိုင်း၊ အိန္ဒိယနဲ့ အင်ဒိုနီးရှား အပါအဝင် မက္ကဆီကိုနဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် (FTA) မချုပ်ဆိုထားတဲ့ နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီး ထိခိုက်နိုင်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မက္ကဆီကိုအပေါ် မြင့်မားတဲ့ သွင်းကုန်ခွန်နှုန်းထား ကောက်ခံမယ်လို့ ခြိမ်းခြောက်ထားတဲ့အလျောက် ၂ နိုင်ငံကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အဲဒီထဲမှာ မက္ကဆီကိုရဲ့ သံမဏိနဲ့ အလူမီနီယမ် ထုတ်ကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်းနဲ့ သီးခြားအဖြစ် နောက်ထပ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်လယ်သမားတွေအတွက် ရေပေးဝေခွင့်ပြုရမဲ့ သဘောတူစာချုပ်ကိုပါ မက္ကဆီကိုဘက်က ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်အရ အခွန် ၅ ရာခိုင်နှုန်း ထပ်တိုးမယ်လို့ ဆိုပြန်ပါတယ်။
ဒါဟာ အနှစ် ၈၀ ကျော် သက်တမ်းရှိတဲ့ သဘောတူညီချက်ကို ထရမ့်ပ် အနေနဲ့ ရည်ညွှန်းခဲ့တာ ဖြစ်ပြီး ရီယို ဂရန်ဒီ မြစ်လက်တက်တွေကနေတဆင့် အမေရိကန်အတွက် ထောက်ပံ့ပေးရတာမျိုးပဲ ဖြစ်ပါတယ်။
မက္ကဆီကိုရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဟာ အမေရိကန်ဖြစ်ပေမဲ့လည်း ဒုတိယအကြီးဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အခွန်စည်းကြပ်မယ့်ကိစ္စကို အကောင်အထည်မဖော်ခင် “အသေအချာ စဉ်းစားဖို့” အတွက် သတိပေးထားပါတယ်။
Source: Reuters


