
ရွေးကောက်ပွဲဝင်ပြိုင်ဖို့ပြင်ဆင်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်တို့ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ပါတယ်။
CDM လှုပ်ရှားမှုကို အားပေးထောက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲဆန္ဒနယ် ၁ ကနေ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ ဝင်ပြိုင်မဲ့ လေဘာပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်ကို ကိုယ်စားလှယ်လောင်းကနေ ပယ်ဖျက်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
“ဦးကျော်သူရကျတော့ CDM လှုပ်ရှားမှုကို အားပေးတယ်ဆိုပြီး စစ်ဆေးဖို့ သတင်းသမားတွေ စုပြီးဖွဲ့ထားတဲ့ Viber Group မှာ ကြံ့ခိုင်ရေးသတင်းထောက်တွေက မေးတယ်၊ မေးပြီးနောက်ပိုင်း ကိုယ်စားလှယ်အဖြစ်က ရပ်စဲလိုက်တာ။ ကြံ့ခိုင်ရေးသတင်းသမားတွေမေးလို့လည်း ပြည်သူ့ပါတီကဦးလွင်မြင့်ကို စရဖက ခေါ်စစ်တယ်၊ ကိုယ်စားလှယ်အဖြစ် ရပ်စဲဖို့ စိစစ်နေတုန်း။”
ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်နွှယ်တယ်ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခဲ့တာလို့ နီးစပ်တဲ့ ရခိုင်တိုင်းရင်းသားတယောက်က DVB ကို ပြောပါတယ်။
“ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ပါတီ ၅ ပါတီနဲ့ တသီးပုဂ္ဂလ ၂ ယောက် ဝင်ပြိုင်တယ်၊ တသီးပုဂ္ဂလ ၂ ယောက်ထဲက ဦးတင်ထူးအောင်ကို AA နဲ့ ဆက်နွှယ်တယ်ဆိုပြီး ကိုယ်စားလှယ်အဖြစ်က ရပ်စဲလိုက်တယ်။ နိုဝင်ဘာလကုန်ပိုင်းကပဲ ရွေးကောက်ပွဲကော်မရှင်က စာပို့တာ။”
ရခိုင်တိုင်းရင်းသားရေးဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်တို့ကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ) အရ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခဲ့တာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဎ) မှာ တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရသော အဖွဲ့အစည်း၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တွေ လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေ ဒါမှမဟုတ် ဒီအဖွဲ့အစည်းဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိသူကို ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရလို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၅ ရက်ကလည်း ဘဏ်ကြွေးကျန်တွေ ပြန်မဆပ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အမှတ် ၂ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မဲ့ PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ရွေးကောက်ပွဲကော်မရှင်က ရပ်စဲခဲ့ပါတယ်။


