
စစ်ကောင်စီကျင်းပမယ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ထူးအောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်တိုင်း ရွေးကော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တသီးပုဂ္ဂလအဖြစ် ရန်ကုန်တိုင်းကနေ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ယှဉ်ပြိုင်မယ့် ဦးတင်ထူးအောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတယ်ဆိုပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းက ပယ်ဖျက်လိုက်တာလို့ သိရပါတယ်။
အခုလို ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရမှု နဲ့ ပတ်သက်ပြီး ဦးတင်ထူးအောင်ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ဖြေကြားထားတာမျိုးတော့ မရှိသေးပါဘူး။
ဦးတင်ထူးအောင်ဟာ ဒီရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အနိုင်ရရှိဖို့ တစ်ပြေးနေသူဖြစ်တာကြောင့် စစ်ကောင်စီက သူတို့ ကြိုးကိုင်လို့ရမယ့်သူကို အနိုင်ရရှိအောင်အတွက် အခုလို ကိုယ်စားလှယ်စာရင်းက ပယ်ဖျက်လိုက်တာလို့ ရခိုင်နိုင်ငံရေးသမားဟောင်းတယောက်က ပြောပါတယ်။
“ကိုတင်ထူးအောင်ကို ကိုယ်စားလှယ်စာရင်းက ပယ်ဖျက်လိုက်တယ်ဆိုပြီးတော့ သတင်းတွေမှာ ဖတ်ရတယ်။ ဒီသတင်းကသာ အမှန်ဆိုရင်တော့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ကိုတင်ထူးအောင်ကို ရွေးကောက်ပွဲ ဝင်ပြိုင်လို့မရအောင် ပယ်ရှားလိုက်တဲ့ သဘောပဲ။ အဓိက စစ်ကောင်စီက သူတို့ရဲ့ လူတွေ အောင်နိုင်ဖို့မရှိတာကြောင့် သူတို့လူတွေ အနိုင်ရအောင်ဆိုပြီး ကိုတင်ထူးအောင်ကို နိုင်ငံရေးအရ လုပ်ကြံတာပေါ့။ အမှန်က ဒီရွေးကောက်ပွဲက စစ်ကောင်စီအလိုကျ အတုအယောင် ရွေးကောက်ပွဲဖြစ်တာကြောင့် သူတို့ဩဇာခံမဟုတ်ရင် တနည်းနည်းနဲ့ ပယ်ရှားလာတာကတော့ အံ့ဩစရာမရှိပါဘူး” လို့ ပြောပါတယ်။
ဦးတင်ထူးအောင်ကို ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်လိုက်တဲ့ လွှတ်တော်ရွေးကောက်ပွဲ ပုဒ်မ ၁၀(ဎ) ဆိုတာဟာ တည်ဆဲဥပဒေ တရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေ (သို့မဟုတ်) အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိသူတွေကို ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီကျင်းမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးနေမင်းထွန်း၊ ပြည်သူ့ပါတီက ဦးသာစိန်၊ ပြည်သူ့ရှေ့ဆောင်ပါတီက ဒေါ်အေးမာလွင်(ခ)ခင်အေးမြင့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ဦးတင်မောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ဒေါ်ခင်နှင်းဆီအောင်၊ တသီးပုဂ္ဂလအဖြစ် ဦးညီညီနှင့် ဦးတင်ထူးအောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်စာရင်းက ပယ်ဖျက်ခံရတဲ့ ဦးတင်ထူးအောင်ဟာ ရခိုင်ရောက် ရခိုင်အလုပ်သမားတွေ၊ ရခိုင်လူထုအတွက် အကူအညီတွေ ပေးနေတဲ့ ရခိုင်အမျိုးသားကွန်ရက်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အခုရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာမှာ အနိုင်ရဖို့ တစ်ပြေးနေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဦးတင်ထူးအောင် ကိုယ်စားလှယ်စာရင်းက ပယ်ရှားလိုက်တာကြောင့် စစ်တပ်ကျောထောက်နောက်ခံ ပြုလုပ်ထားသူတွေနဲ့ စစ်တပ်မိသားစုဝင်တွေသာ အနိုင်ရနိုင်ခြေရှိတော့တယ်လို့ သုံးသပ်နေကြပါတယ်။


