
ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီးနောက် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက တချို့ဒေသတွေဆီ ခရီးသွားတာက အလွန်အန္တရာယ်များတယ်လို့ သတိပေးလိုက်တဲ့အကြောင်း NL Times သတင်းမှာ ဖော်ပြပါတယ်။
နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတိပေးချက်အရ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တလျှောက် ကီလိုမီတာ ၂၀ ရှည်လျားတဲ့ ဇုန်ကို “အနီရောင်” အဆင့်အဖြစ် သတ်မှတ်ခဲ့ပြီး ဆိုလိုတာကတော့ နိုင်ငံသားတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အဲဒီနေရာတွေဆီ ခရီးမသွားလာသင့်ဘူးလို့ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ တောင်ဘက်အကျဆုံး ဒေသတွေကိုလည်း “လိမ္မော်ရောင်” အဆင့် သတိပေးချက် ထုတ်ပြန်လိုက်သလို ကျန်ဒေသတွေကိုတော့ သတိထားသွားလာသင့်တဲ့ “အဝါရောင်” အဆင့် သတိပေးချက် ထုတ် ပြန်ထားတာပါ။
ကမ္ဘောဒီးယားနိုင်ငံဘက်ကိုတော့ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဇုန်ကို “အနီရောင်” အဆင့် ထုတ်ပြန်ထားပြီး ကျန်ဒေသတွေကိုတော့ ခရီးသွားလာဖို့ ဖြစ်နိုင်ပေမယ့် သတိ ထားသွားလာသင့်တဲ့ “အဝါရောင်” အဆင့် သတ်မှတ်ထားခဲ့တာပါ။
ဒါ့အပြင် နယ်သာလန်နိုင်ငံသားတွေအနေနဲ့ ဝန်ကြီးဌာနရဲ့ အရေးပေါ်သတင်းအချက်အလက် ဝန်ဆောင်မှုအတွက် မှတ်ပုံတင်ကြဖို့နဲ့ အရေးပေါ်အခြေအနေတွေအတွက် ပြင် ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီသတိပေးချက်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်မှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် တကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
လတ်တလောအခြေအနေမှာတော့ နှစ်နိုင်ငံတိုက်ပွဲတွေကြောင့် ကမ္ဘောဒီးယားဘက်က အရပ်သား ၉ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့သလို ထိုင်းဘက်ကတော့ စစ်သား ၄ ယောက် သေဆုံးပြီး ၆၈ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source ; NL Times


