
ဒီပဲယင်းမြို့နယ် မရကန်ရွာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၉ ယောက်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းမှာ ပြည်သူ ၁၈ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ ပြင်းထန်ဒဏ်ရာရထားတဲ့ အင်ကြင်းပင်အထက်တန်းကျောင်းအုပ်ဆရာမကြီး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၁၉ ယောက်အထိ ရှိလာပါတယ်။
တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာက လက်ဖက်ရည်ဆိုင်နဲ့ အနီးနားနေရာတခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မရကန်ဒေသခံတယောက်က “ကျောင်းအုပ်ဆရာမတယောက် ပါသွားတယ်ဗျ။ ဒီနေ့မနက်ခင်းမှ ဆုံးတာ။ ခုနက ဆရာဝန်ကို ကျနော် လှမ်းဖုန်းဆက်မေးကြည့်တယ်၊ အထက်တန်းကျောင်းအုပ်ဆရာမ၊ အင်ကြင်းပင်ကျောင်းခေါ်တာပေါ့၊ လက်ရှိ ၁၉ ယောက်ရှိသွားပြီဗျ။ ၄ နှစ်သားကလေးငယ်လေးတဦး ပါသေးတယ်ဗျာ။ လူစည်တော့ အဲ့ဒီအချိန်မှာက အမျိုးသမီးလက်ဝှေ့ပွဲလေးရှိတယ်၊ အဲ့ဒါကြည့်နေတဲ့အချိန်မှာ လာပစ်သွားတာဗျာ။ တိုက်ပွဲဖော်ဆောင်ခြင်းမရှိဘဲနဲ့ အခုလို ယုတ်မာကြမ်းတမ်းစွာ ပြည်သူလူထုအပေါ် သေစေကြောင်း နဲ့ ကြံစည်သွားတဲ့ မင်းအောင်လှိုင်တို့ကိုတော့ လုံးဝမှကို ခွင့်လွှတ််နိုင်စွမ်းမရှိပါဘူးဗျ။ အိမ်ခြေကတော့ တော်တော်များတယ်ဗျ၊ ၃၅၀-၄၀၀ လောက်တော့ရှိမယ်။ ဒီပဲယင်းမြို့နဲ့ တော်တော်ဝေးတယ်၊ ၃-၄ နာရီ ဝန်းကျင်လောက်ဝေးတယ်ဗျ။ ဒီဇင်ဘာ ၅ ရက်အတွင်းမှာ ကျနော်တို့ ဒီပဲယင်းနယ်ထဲမှာ ပထမဦးဆုံးကြဲတာက ချုံရွာ၊ ဘုတ်တန်းဘက်ကို ကြဲတယ်ဗျ။ စစ်တပ်ဆိုတာကြီးကို ကျနော်တို့အနေနဲ့ ဆုံးခန်းတိုင်အောင် ကျနော်တို့အသက်တွေကို ပေးလှူပြီးတော့ တိုက်ပွဲဝင်သွားမယ်လို့ ဒီလောက်ပဲပြောချင်တယ်ဗျ” လို့ ပြောပါတယ်။
မရကန်ကျေးရွာတိုက်ခိုက်ခံရမှုမှာ ပြည်သူ ၃၀ ကျော် ပြင်းထန်ဒဏ်ရာရခဲ့ပြီး နီးစပ်ရာ ဆေးကုသမှုခံယူနိုင်မယ့်နေရာတွေကို ဒေသတွင်းပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးခဲ့ကြတာပါ။ စစ်ကိုင်းဒေသတွင်းမှာ စစ်ကောင်စီက ဆေးဝါး နဲ့ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒဏ်ရာရသူတွေထဲကနေ သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မရကန်ဒေသခံတယောက်က “ဒဏ်ရာရကတော့ ၃၀ ကျော်ပေါ့၊ ခန့်မှန်းခြေပေါ့ဗျာ။ တအားကြီး လှန်လှောပြီး ရှာဖွေနိုင်တာတော့မရှိသေးဘူးပေါ့ဗျာ။ လေကြောင်းက ပြန်ဝဲနေတော့ ကျနော်တို့က အကုန်လူစုပြန်ခွဲလိုက်ရတယ်။”
ဒီဇင်ဘာ ၅ ရက် တနေ့တည်းမှာ မရကန်ကျေးရွာအပါအဝင် ဒီပဲယင်းမြို့နယ်ထဲက နေရာတချို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ မရကန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ၂ ကြိမ်တိုင်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။
သုတချမ်းသာ


