Home
မြန်မာသတင်း
ဒီပဲယင်းကို ၁၂ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂၀ ကျော် သေဆုံး
DVB
·
December 6, 2025
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
Photo : တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ တရက်တည်းမှာ လေကြောင်းကနေ ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ၂၀ ထက်မနည်းသေဆုံးသလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Peoples Defense Comrade (PDC) ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ၅ ရက်နေ့ တရက်တည်းတင် ဒီပဲယင်းမြို့ရဲ့ အနောက်ဘက်ခြမ်းကရွာတွေကို နေ့လယ် ၁ နာရီ ဝန်းကျင်မှာ ၇ ကြိမ်ထက်မနည်း လုပ်သွားတယ်။ ညနေ ၄ နာရီဝန်းကျင်မှာလည်း ၄ ကြိမ်လောက် ထပ်လုပ်သွားတယ်။ မြို့အရှေ့ဘက်ခြမ်းက ရွာတွေကိုတော့ ည ၈ နာရီလောက်မှာလုပ်သွားတာပါ။ အဲဒီ အရှေ့ဘက်ခြမ်းမှာတော့ ပြည်သူအသေအပျောက်ရှိနေတယ်။ အရေအတွက်များတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်း ကုန်းရိုးကျေးရွာနဲ့ ဝင်းရံကျေးရွာဘက်ကို ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ တံတားဦးလေတပ်တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ထက်မနည်း ပြုလုပ်သွားတာဖြစ်သလို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း မုံရွာ နမခ ထဲကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စင်းနဲ့ အဲဒီကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ထပ်လုပ်ခဲ့တာပါ။

ညနေ ၄ နာရီဝန်းကျင်မှာလည်း ဒီပဲယင်းနယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘုတ္ထန်းကျေးရွာဘက်ကို တံတားဦးလေတပ်ကနေထပ်တက်လာတဲ့ A5 Bomber အမျိုးအစား ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်သွားပါတယ်။

ည ၈ နာရီဝန်းကျင်မှာတော့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေတက်လာတဲ့ MiG 29 အမျိုးအစား ဂျက်တိုက်လေယာဉ်က ဒီပဲယင်းနယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ မရကန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့အနောက်ဘက်ခြမ်းက ကုန်းရိုး၊ ဝင်းရံနဲ့ ဘုတ္ထန်းရွာတွေဘက်မှာတော့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရတယ်။ ည ၈ နာရီလောက်အကြဲခံရတဲ့ မြို့အရှေ့ဘက်ခြမ်းက မရကန်ရွာမှာကတော့ ရွာထဲက ဘောလုံးပွဲပြနေတဲ့ လက်ဖက်ရည်ဆိုင်ပေါ်ကို တည့်တည့်ကျလို့ ရွာခံအမျိုးသား၊ အမျိုးသမီး ပြည်သူအယောက် ၂၀ နီးပါးလောက်သေဆုံးပြီးတော့ ဒဏ်ရာရတဲ့သူတွေကလည်းများတယ်။ အိမ် ၁၀ ​လုံး လောက်လည်း ပျက်စီးသွားတယ်လို့ ကနဦးသိရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက်ရှိနေပြီး ကျနော်တို့နဲ့လည်းဝေးနေတော့ မြေပြင်အခြေအနေ အတိအကျကို မသိရနိုင်သေးတာပါ” လို့ DVB ကို ပြောပါတယ်။

အခုလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျေးရွာတွေအပြင် ရွာတွေအနီးအနားမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဘက်က ပြည်သူကိုပစ်မှတ်ထားပြီး အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့ ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကို မကြာခဏခံနေရတဲ့ ဒီပဲယင်းမြို့နယ်က ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေကို အထူးပြုလုပ်နေထိုင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနေတဲ့ လေကြောင်းအန္တရာယ်သတိပေးချက်တွေကို အစဉ်တစိုက် လိုက်နာကြဖို့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013