
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ငါးတင်းကြီးကျေးရွာကို ဒီဇင်ဘာ ၄ ရက် မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လာရောက်ကြဲချသွားတာလို့ ရွာသားတယောက်က ပြောပါတယ်။
“မြေပြင်မှာ ဘာမှမရှိဘဲကို လာကြဲချသွားတာ။ ရွာအလယ်က ပြည်သူ့နေအိမ် ၂ လုံးပေါ် တည့်တည့်ကျတာ။ ကြဲချတဲ့ ဗုံးသီးကလည်း ၂ လုံးပါဗျ။ သေဆုံးတာကတော့ အမျိုးသမီးတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်။”
စစ်ကောင်စီတပ်ကတော့ အခု ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ သိသိသာသာ တိုးမြှင့်တိုက်ခိုက်လာတာကိုလည်း တွေ့ရပါတယ်။
ခင်ဦးမြို့နယ် ပလဖတာဝန်ရှိသူတယောက်က “ကျနော်တို့ အဲ့ရွာမှာ ဘာတိုက်ပွဲမှမရှိဘဲ စစ်တပ်က လေကြာင်းတိုက်ခိုက်တာ လုပ်သွားတာ။ ကူညီကယ်ဆယ်မှုတွေ အကုန်လုံး လုပ်ပေးပြီးသွားပါပြီ။ စစ်တပ်ရဲ့ ယုတ်မာမှုကိုတော့ ပြောစရာစကားကို မရှိတော့ပါဘူး” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းကို နိုဝင်ဘာ တလတည်းမှာတင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က ပိုမိုတိုးပြီး လုပ်ဆောင်လာတာလို့ သိရပါတယ်။


