
ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO) က လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်းအတွက် ကျောင်းသူ၊ ကျောင်းသားတွေခေါ်ယူနေတယ်လို့ ဒီဇင်ဘာ ၅ ရက်က ကြေညာပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာ ဖွင့်လှစ်မဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်းအတွက် နေရာအသီးသီးက ကျောင်းသူ၊ ကျောင်းသား ၂၅ ယောက်ကို ခေါ်ယူသွားမယ်လို့ ပြောပါတယ်။
KNYO အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ကျောင်းသူ ကျောင်းသားတွေ ခေါ်ယူရတဲ့ ရည်ရွယ်ချက်က ပြည်တွင်းနဲ့ ကရင်နီဒုက္ခသည်စခန်းမှာရှိတဲ့ လူငယ်တွေကို ပညာရေးလမ်းကြောင်းအသစ်တခုရယ်၊ အခွင့်အရေးအသစ်တွေရရှိစေချင်တာကြောင့်ပါ။ ၂၅ ယောက်ပဲ ခေါ်ယူမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
သင်တန်းတက်ရောက်ချင်သူတွေက Grade 10 ကို အောင်ပြီး အသက် ၂၀ ကနေ ၃၀ အတွင်းဖြစ်ကာ လူငယ်ခေါင်းဆောင်နိုင်မှုသင်တန်းကို စိတ်ပါဝင်စားပြီး သင်တန်းပြီးမြောက်အောင် တက်ရောက်ရမယ်လို့ ဆိုပါတယ်။
သင်တန်းကာလက ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိဖြစ်ပြီး အခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ အင်တာဗျူးကာ ရွေးချယ်ခံရသူတွေကိုတော့ ၂၅ ရက်နေ့မှာ ကြေညာသွားမယ်လို့ ဆိုပါတယ်။
သင်တန်းမှာ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ လူသားချင်းစာနာထောက်ထားရေး၊ နည်းပညာ IT နဲ့ အင်္ဂလိပ်စာတို့ကို သင်ကြားပို့ချမယ်လို့ သိရပါတယ်။
၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ KNYO ဟာ ကရင်နီပြည်မှာနေထိုင်နေတဲ့ တိုင်းရင်းသားမျိုးနွယ်အစုံ လူငယ်တွေ စည်းလုံးစွာနေထိုင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်တာ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်တာ၊ သင်တန်းအစုံအလင်ပို့ချတာတွေ ခုလက်ရှိအချိန်အထိ ပြုလုပ်နေပါတယ်။


