
မန္တလေးမှာ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး ၈ လကျော်တဲ့အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ ငလျင်ဒဏ်သင့်အဆောက်အအုံတွေကို ဖြိုချနေတဲ့အဆင့်ပဲရှိသေးပြီး အထောက်အပံ့လည်း ကောင်းကောင်းမရဘူးလို့ သိရပါတယ်။
မန္တလေးဒေသခံတယောက်က “ပြန်လည်ထူထောင်ဖို့မပြောနဲ့၊ အဆောက်အအုံတွေတောင် ဖြိုလို့ မပြီးသေးဘူး။ အိမ်တွေပြန်ဆောက်ဖို့ဆိုပြီး ချေးငွေဘာညာလျှောက်လို့ရတယ်ဆိုပြီး သတင်းတွေမှာသာ ကြေညာနေတာ။ ခုချိန်ထိ လျှောက်လို့လည်းမရဘူး။ ဘာအထောက်အပံ့မှ မရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် မန္တလေးမြို့က ငလျင်ဒဏ်သင့် လူနေအဆောက်အအုံတချို့ ပြန်လည်ပြုပြင်တည်ဆောက်ဖို့ စစ်ကောင်စီ ဩဇာခံ စည်ပင်ကိုတင်ပြထားပေမဲ့ ခွင့်မပြုဘူးလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရကတော့ မန္တလေးတိုင်းထဲမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ငွေကျပ် ဘီလီယံ ၉၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က အပြည်အပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိ အထောက်အပံ့မရသူတွေရှိသလို ထောက်ပံ့ကြေးနည်းနည်း ရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ သာသနိကအဆောက်အအုံတွေအပါအဝင် လူနေအိမ်ရာနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။


