
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ၁၃/ ရှမ်းပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူ အယောက် ၂၀၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြဝတီဘက်ကနေလာတဲ့ ကားတွေကို ကျိုက်ထိုမြို့အဝင်အထွက်တွေမှာ အဓိက စစ်ဆေးနေပြီး ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေကို ကျိုက်ထိုမြို့ မြို့တော်ခန်းမမှာ ထိန်းသိမ်းထားပြီး မြဝတီဘက်ကနေ ကားစင်းလုံးငှားပြီး ပြန်လာသူတွေကိုတော့ ကားတွေကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့ခံတယောက်က “ကျိုက်ထိုမှာ ၁၃/ တွေကို ဖမ်းတာ၊ ကျိုက်ထိုမြို့တော်ခန်းမမှာ မိသားစုတွေလည်းပါတယ်။ လူငယ်တွေကြီးပဲ မဟုတ်ဘူး၊ မနေ့ကလောက်အထိ Express ကားတွေ တွေ့သေးတယ်၊ ဒီနေ့တော့ မတွေ့သေးဘူး၊ အထဲမှာ အိမ်စီးကားတွေလည်းရှိတယ်၊ မြဝတီက ဆင်းလာတဲ့ ၁၃/ တွေကို ကျားဖြန့်နဲ့ ပတ်သက်တယ်ဆိုပြီး အကုန်လုံးကို ခေါ်ထားတာပေါ့။ ဖမ်းတာက ကျိုက်ထိုအဝင်မှာ ဖမ်းတယ်၊ သိမ်ဇရပ်လမ်းခွဲမှာ စစ်ပြီးတော့ ခေါ်လာတဲ့သူတွေလည်း ရှိတယ်တဲ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းကတည်းက မြဝတီမြို့က KK park အပါအဝင် အွန်လိုင်းငွေလိမ်စင်တာတွေကို တရုတ်နဲ့ အမေရိကန်နိုင်ငံရဲ့ ဖိအားတွေကြောင့် စစ်ကောင်စီတပ်က နှိမ်နင်း ဖြိုခွင်းနေတာ ဖြစ်ပါတယ်။
အခုဖမ်းဆီးခံထားရသူတွေဟာ အွန်လိုင်းငွေလိမ်စင်တာ ကျားဖြန့်ရုံမှာ အလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး မြဝတီမြို့ကနေ ရှမ်းပြည်နယ်က သူတို့ရဲ့ နေရပ်တွေကို ငွေကျပ်သိန်း ၆၀ ဝန်းကျင်ပေးပြီး ပြန်ကြရတာလို့ သိရပါတယ်။
သီရိ


