
ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်အစောပိုင်းက မန်ချက်စတာယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းဟာ တန်းဆင်းဇုန်က ဝက်စ်ဟမ်းအသင်းနဲ့ တဖက်တဂိုးစီ သရေကျသွားပါတယ်။
ပွဲအစ မိနစ် ၂၀ လောက်အထိ ဝက်စ်ဟမ်းအသင်းက ပွဲကို စိုးမိုးထားပြီး အခွင့်အရေးတချို့ ရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့သလို မန်ယူအသင်းကလည်း ပထမပိုင်းမှာ ဂိုးသွင်းခွင့်တချို့ ရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပွဲကစားချိန် ၅၈ မိနစ်မှာတော့ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို တောင်ပံကစားသမား ဒီယေဂိုဒါလော့က သွင်းယူပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းလည်း မန်ယူအသင်းဘက်က ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
ပွဲပြီးခါနီး ပွဲချိန် ၈၃ မိနစ်မှာတော့ ဝက်စ်ဟမ်းအသင်းရတဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဝက်စ်ဟမ်းကွင်းလယ် ခံစစ်ကစားသမား မာဂက်ဆာက ကန်သွင်းပြီး ဧည့်သည်အသင်းအတွက် သရေတမှတ် ရယူသွားခဲ့ပါတယ်။


