
အာဏာသိမ်းစစ်အုပ်စုရဲ့ ယာယီသမ္မတဟောင်း ကွယ်လွန်သူ ဦးမြင့်ဆွေပိုင် မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ တာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းစားခဲ့တယ်ဆိုပြီး အငြင်းပွားမှု ဖြစ်နေပါတယ်။
တာယာမြင့်ဆွေဟာ ဦးမြင့်ဆွေရဲ့သမီး ခင်သက်ထားဆွေရဲ့ အမျိုးသားဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီမြေကွက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ၇ ရက်အတွင်း လာရောက်ဖြေရှင်းဖို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးရဲ့ လွှဲအပ်ညွှန်ကြားချက်နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဥမ္မာမြင့်ဆိုသူက ကြေညာခဲ့တာပါ။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ထဲက မြေကွက်အမှတ် (မ-၅၉)၊ ဦးပိုင်အမှတ် ၃၁ မြေကွက်ဟာ ကွယ်လွန်သူ ဦးမြင့်ဆွေ အမည်ပေါက်နဲ့ ပိုင်ဆိုင်တာဖြစ်ပြီး ဘယ်သူ့ကိုမှ အမွေစား အမွေခံ ပေးကမ်းလွှဲပြောင်းထားတာမရှိဘူးလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ သမက်ဖြစ်သူ တာယာမြင့်ဆွေက အဲဒီမြေကွက်ရဲ့ဂရန်သက်တမ်းကုန်လို့ သက်တမ်းတိုး ဆောင်ရွက်ဖို့အတွက် ကိုယ်စားလှယ်လွှဲစာကို အသုံးပြုပြီး အလွဲသုံးစားလုပ် ရောင်းချခဲ့တာလို့ ကြေညာချက်မှာ ရေးသားထားတာတွေ့ရပြီး DVB အနေနဲ့ စွပ်စွဲခံရသူ တာယာမြင့်ဆွေကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
၇ ရက်အတွင်း ဦးမြင့်ဆွေရဲ့ ဇနီး ဒေါ်ခင်သက်ဌေးထံ လာရောက် မဖြေရှင်းဘူးဆိုရင် ပါဝင်ပတ်သက်သူအားလုံးကို တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်မယ်လို့လည်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ အသိပေးကြေညာထားပါတယ်။


