မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အလုပ်သမားရုံးက ထိရောက်အောင် ဖြေရှင်းပေးတာမရှိဘဲ အလုပ်သမားက တရားစွဲဆိုဖို့ လွှဲပြောင်းစေခိုင်းတာတွေ များလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။
အလုပ်သမားရဲ့ နစ်နာမှု၊ ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ တရားမမှုအနေနဲ့ တရားစွဲဆိုခိုင်းတာကြောင့် အလုပ်ရှင်နဲ့ ထိပ်တိုက် တရားရင်ဆိုင်ဖို့ အလုပ်သမားတွေမှာ အခက်အခဲဖြစ်စေတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူက ပြောပါတယ်။
ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “အလုပ်သမားရုံးက ခေါင်းရှောင်တာပေါ့။ တရားစွဲဖို့ကြတော့ အချိန်တွေပေးရမယ်လေ။ အလုပ်ရှင်ဘက်က ဝိတ်ရှိတော့ အလုပ်သမားက တရားစွဲဆိုဖို့ဆိုတာ စဥ်းစားစရာ ဖြစ်သွားတာပေါ့။ တခြားအလုပ် မလုပ်ရတော့ဘဲ ရုံးချိန်းတွေပဲ တက်နေရတော့မယ့်ပုံ ဖြစ်နေတာ။ အလုပ်သမားရုံးရဲ့ အဲဒီလိုစေခိုင်းတဲ့လုပ်ရပ်က အလုပ်ရှင်ကို ပိုအားကောင်းအောင် လုပ်ပေးသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။
အဲဒီလို တရားစွဲဆိုခိုင်းတာကြောင့် စိတ်ပျက်ပြီး ရပိုင်ခွင့်ဆုံးရှုံးခံလိုက်ရတဲ့ အလုပ်သမားတွေ ရှိနေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
တည်ဆဲအလုပ်သမားဥပဒေတွေထဲမှာ အကျိုးရပိုင်ခွင့်အတွက် နစ်နာသူ အလုပ်သမားက တရားစွဲဆိုနိုင်တယ် ဆိုတဲ့အချက်ကို ကိုင်စွဲကာ အလုပ်သမားရုံးတွေက ခေါင်းရှောင် ကျင့်သုံးနေကြတာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီလို အလုပ်သမားက အလုပ်ရှင်ကို တရားစွဲဆိုဖို့ စေခိုင်းတာဟာ အရပ်သားအစိုးရ လက်ထက်ကတည်းက ရှိခဲ့တာဖြစ်ပြီး အခုချိန်မှာ ပိုများလာတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်ကတော့ တရားမစွဲနိုင်လို့ အလုပ်သမားဘက်က လက်လျှော့လိုက်ရတာ ရှိခဲ့တယ်။ အခုတော့ အခမဲ့ ရှေ့နေလိုက်ပေးတဲ့သူတွေလည်း ရှိသလို ကိုယ်တွေက အလုပ်သမား ကိုယ်စားလှယ်အနေနဲ့ တရားရင်ဆိုင်ပေးတော့ တရားစွဲဆိုမှုတွေ လုပ်လာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ STUM က အလုပ်သမား တရားစွဲဆိုနိုင်အောင် ကူညီပေးထားတဲ့အမှု ၁၅ မှုနီးပါး ရှိနေပြီး အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေအပေါ် အရှုံးမပေးဖို့နဲ့ တရားရင်မဆိုင်ဘဲ အရှုံးပေးလိုက်ရင် အလုပ်ရှင်တွေ ပိုအတင့်ရဲလာမှာဖြစ်တယ်လို့ STUM က ပြောပါတယ်။